မန်ချက်စတာ ယူနိုက်တက်ရဲ့ FA ရှုံးပွဲ အပြီး အပြန်လှန် တွယ်နေကြတဲ့ ဝိန်းရွန်းနီနဲ့ အမ်မိုရင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ဖူလ်ဟမ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးပြီး အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နဘ်ူ့အ အမ်မိုရင်းက ” ကျွန်တော်တို့ ဒီရာသီ ပွဲတွေ ၊ ဆုဖလားတွေ ဆုံးရှုံးနေရတာ သိပါတယ်။ ဒါပေမယ့် အသင်း ရည်မှန်းချက်က ပရီးမီးယားလိဂ် ယူဖို့ပါ။ ဘယ်လောက် အချိန်ယူရမလဲ မသိပေမယ့် အဲ့ဒါက ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဘီဘီစီမှာ သုံးသပ်သူ လုပ်နေတဲ့ ရွန်းနီကတော့ အမ်မိုရင်းရဲ့ အဆိုပါ မှတ်ချက်ကို ကြားရတဲ့ အချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၄ က အသင်း အနေနဲ့ ဒီလို ပြောတာ ရဲတင်းလွန်းရာ၊ မနပ်ရာ ကျတယ် လို့ သုံးသပ်လိုက်ပါတယ်။

” သူက ပရီးမီးယားလိဂ် ယူမယ် ပြောတယ်၊ ဘယ်လို ယူမှာတဲ့လဲ။ သူတို့ အများကြီး အလှမ်းကွာနေတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပြောလာတာ နည်းနည်းတော့ အရိပ်အခြည် မသိရာ ကျနေတယ်။ ” လို့ သရဲနီဟောင်းကြီး ရွန်းနီက မှတ်ချက်ပြန်ပေးလိုက်ပါတယ်။

ရွန်းနီ အပြောကို သတင်းသမားတွေကလည်း ပွဲပြီး ရှင်းလင်းပွဲမှာ အမ်မိုရင်းထံ ပြန်ပြောလာပြီး တုန့်ပြန် သဘောထား မေးမြန်းခဲ့ကြပြန်ပါတယ်။

အမ်မိုရင်းက ” အရိပ်အခြည် မသိဘူး မနပ်ဘူး ဆိုတာက ဒီရာသီ ဒါမှမဟုတ်ရင် နောက်ရာသီ ဖလားစိန်ခေါ်သူ လုပ်မယ် လို့ ပြောတာကမှ အဲဒီလို ဖြစ်မှာ။ ဒါကို ကျွန်တော်ရော လူတိုင်းရော သိပါတယ်။

ကျွန်တော်တို့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ပဲ။ ကျွန်တော်နဲ့ ဖလားယူတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ဒီကလပ် အသင်း၊ ဒီ ဘုတ်အဖွဲ့က အတိတ်တုန်းက ရွှေခတ်ကလို ဆုဖလားတွေ ပြန်ရယူချင်၊ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်တယ်။

ကျွန်တော် မနပ်တာ မဟုတ်ဘူး။ နပ်လို့ပဲ အသက် ၄ဝ အရွယ်မှာ မန်ချက်စတာ ယူနိုက်တက် ကို နည်းပြ လုပ်နေတာလေ။ ” လို့ ခပ်ပြတ်ပြတ်ပဲ ရွန်းနီ မှတ်ချက် အပေါ် တုန့်ပြန်စကား ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာမှာ ရှိနေပြီး ၂၇ ပွဲ ကစားပြီးချိန် ၃၃ မှတ်သာ ရထားတာ ဖြစ်ပါတယ်။