ယူနိုက်တက် ဆယ်ကျော်သက် တိုက်စစ်မှုးလေးလောက်တောင် မလုပ်ပြနိုင်လို့ မျက်နှာပူနေရပြီ ဖြစ်တဲ့ ဟွိုင်လန်း
ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ FA ဖလားပွဲက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းနဲ့ ချီဒို အိုဘီ မာတင် တို့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း ထွက်လာရာမှာ ဟွိုင်လန်းအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက် ဟာ ပထမပိုင်းပြီးခါနီးမှာ ဘက်ဆီရဲ့ခေါင်းတိုက်ဂိုးကြောင့် ၁-၀ ဂိုးနဲ့အနောက်ကနေ လိုက်ကစားရခဲ့ပြီး ၇၁ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
အချိန်ပိုမိနစ် ၃၀ အထိ အနိုင်အရှုံးအဖြေမပေါ်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာတော့ ယူနိုက်တက်ဘက်က လင်ဒီလော့ဖ်၊ ဇာ့ခ်ဇီတို့ ပယ်နယ်တီမဝင်ခဲ့လို့ လက်ရှိချန်ပီယံ ယူနိုက်တက်အသင်း ၄-၃ ဂိုးနဲ့ရှုံးပြီး ပဉ္စမအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
ဟွိုင်လန်းဟာ ဒီရာသီမှာ ဆိုးဆိုးရွားရွား စွမ်းဆောင်ရည်ကျဆင်းနေပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးသူ ဒိန်းမတ်လက်ရွေးစင် ဟွိုင်လန်းဟာ ဒီဇင်ဘာလ ၁၂ ရက်က ဗစ်တိုးရီးယားပါလ်ဇန်နဲ့ ယူရိုပါလိဂ်ပွဲနောက်ပိုင်းကတည်းက ဂိုးပေါက်ပျောက်နေသလို အခု ဖူလ်ဟမ်နဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
အဲဒါကြောင့် အမော်ရင်က ဒုတိယပိုင်း ၆၈ မိနစ်မှာ ဟွိုင်လန်းအစား အသက် ၁၇ နှစ်သာရှိသေးတဲ့ အကယ်ဒမီတိုက်စစ်မှူး အိုဘီ မာတင် ကို လူစားဝင်ကစားစေပြီး အိုဘီ ဝင်လာပြီးနောက်ပိုင်းမှာ ယူနိုက်တက်တိုက်စစ် အသက်ဝင်ခဲ့ပါတယ်။
အိုဘီဟာ စီနီယာအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့လည်း ဖူလ်ဟမ်ခံစစ်ကို ကောင်းကောင်း ခြိမ်းခြောက်ခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းက ဟွိုင်လန်းထက် ပိုသာခဲ့ပါတယ်။
အိုဘီဟာ အချိန်ပိုမိနစ် ၃၀ အပါအဝင် စုစုပေါင်း ၅၂ မိနစ်သာ ကစားခဲ့ရပေမဲ့ ဂိုးပေါက်ကန်ချက် ၃ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီ ၃ ကြိမ်စလုံးက ဂိုးရနိုင်တဲ့ အခွင့်အရေးတွေဖြစ်ခဲ့ပါတယ်။
ဟွိုင်လန်းကတော့ မိနစ် ၇၀ နီးပါးကစားခဲ့ပြီး ဂိုးပေါက်ကန်ချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။
အံ့အားသင့်စရာကောင်းတာက ဖူလ်ဟမ်နဲ့ပွဲမှာ အိုဘီရခဲ့တဲ့ အပိုင်အခွင့်အရေး ၃ ကြိမ်ဟာ ဟွိုင်လန်း ဒီရာသီ ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီးတဲ့အထိ ရခဲ့တဲ့ အပိုင်ဂိုးသွင်းခွင့်နဲ့အရေအတွက်ချင်း တူညီသွားတာဖြစ်ပါတယ်။
ဒါ့အပြင် တိကျတဲ့ဘောလုံးပေးပို့မှုမှာ ဟွိုင်လန်းက ၄ ကြိမ်၊ အိုဘီက ၅ ကြိမ်၊ တိုက်စစ်လမ်းကြောင်းစတင်ဖို့အတွက် ဘောလုံးထိချက်မှာ ဟွိုင်လန်းက ၉ ကြိမ်၊ အိုဘီက ၁၈ ကြိမ်၊ ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မှုမှာ ဟွိုင်လန်းက ၁ ကြိမ်၊ အိုဘီက ၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။