ယူနိုက်တက်မှာ သူ ဆက်ရှိနိုင်မလား သူလည်း မသိဘူး ဆိုတဲ့ နည်းပြ ရူဘင် အေမိုရမ်
ရူဘင်အေမိုရမ်က သူ့ရဲ့ ယူနိုက်တက်အနာဂတ် ဘယ်လို ဖြစ်လာမလဲဆိုတာ မသိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ အက်ဖ်အေဖလားပဥ္စမအဆင့်မှ ထွက်ခွာထားရပါတယ်။
ခက်ခဲတဲ့ ရာသီတစ်ခု ကြုံနေတဲ့ အေမိုရမ်ရဲ့ ယူနိုက်တက်အတွက် လာမယ့် ရာသီဥရောပဝင်ခွင့်မှာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး ဝင်ခွင့် ရရှိရေးသာ မျှော်လင့်ထားနိုင်ပါတယ်။
၎င်းတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး ယခုအပတ်အကုန်တွင် အာဆင်နယ်နှင့် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
အေမိုရမ်က “ဒီမှာ ကျွန်တော် ဆက်ရှိနေဦးမလား မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တွေးပုံနဲ့ဆို ပြန်လာမှာပါ။ အနာဂတ်မှာ အောင်မြင်လာမှာပါ။ ဒါပေမဲ့ အရဲစွန့်မှုတွေ ရှိလာပါမယ်။ ကျွန်တော်တို့ အများကြီး လုပ်နေတယ်။ နိုင်ပွဲမရထားဘူး။ နိုင်ပွဲတွေ မရတော့ဘူးဆိုရင် လူအပြောင်းအလဲ လုပ်လာပါမယ်။ ဒါကို ကျွန်တော်တို့ သိထားပြီးသားပါ”လို့ ပြောကြားသွားပါတယ်။
အေမိုရမ်ဟာ ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်အတွင်းမှာ တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်တွင် အေမိုရမ်ကို ထုတ်ပယ်မည်ဆိုပါက နစ်နာကြေး ပေါင် ၁၂ သန်းအထိ ပေးရမှာ ဖြစ်ပြီး နည်းပြအဖွဲ့ကိုလည်း နစ်နာကြေး ပေါင် ၈ သန်းအထိ ပေးလာရပါမယ်။
ဆက်လက်ပြီး အေမိုရမ်က “ကလပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ခက်ခဲတာတွေ အများကြီး လုပ်ထားပါတယ်။ လူတွေအများကြီး ပေးဆပ်ထားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနာဂတ်မှာ အောင်မြင်မှုရဖို့ လုပ်နေကြတာပါ”လို့ ပြောကြားသွားပါတယ်။
အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်နှင့် ရင်ဆိုင်ကစားရပါမယ်။