ဒီည အိုးထရ်ကဖို့ဒ်မှာ အာဆင်နယ်နဲ့ မှတ်တမ်းဆိုးကို မန်ချက်စတာ ယူနိုက်တက် ရပ်တန့် ချိုးဖျက်နိုင်မလား

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာလောက်တုန်းကတော့ ပရီးမီးယားလိဂ်မှာ ဂန္ထဝင်နည်းပြကြီးတွေဖြစ်ကြတဲ့ ဖာဂူဆန်-အာစင်ဝင်းဂါးတို့ရဲ့ အားပြိုင်မှုနဲ့အတူ မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်တို့ဟာ လိဂ်သမိုင်းမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။

ရွိုင်ကိန်းနဲ့ဗီအဲရာတို့ရဲ့ ရန်ပွဲ၊ နစ္စတယ်လ်ရွိုင်းရှေ့မှာ အလွန်အကျူးအောင်ပွဲခဲ့ပြခဲ့တြ့ မာတင်ကီယွန်တို့ရဲ့ဖြစ်ရပ်တွေကို အခုအချိန်အထိ ဘယ်သူကမှ မေ့လောက်မှာ မဟုတ်သေးပါဘူး။

ဒါပေမဲ့လည်း ဒီနောက်ပိုင်းတွေမှာတော့ နှစ်သင်းစလုံး ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ဝေးကွာလာပြီး ဒီနှစ်သင်းကြား ပြိုင်ဆိုင်မှုကလည်း အရင်လောက် မပြင်းထန်တော့ပါဘူး။

ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ စိတ်ပျက်စရာအခြေအနေဆိုး၊ ရလဒ်ဆိုးတွေနဲ့အတူ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ကတော့ အဆင့် ၂ နေရာမှာ ရှိနေပေမဲ့ ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁၆ မှတ်အထိ ကွာဟနေပြီဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်က မရေမရာဖြစ်လာပါပြီ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် လီဗာပူးလ်နဲ့အမှတ်ကွာဟချက် ပိုကြီးမားသွားတာပဲဖြစ်ပါတယ်။

အခုပွဲ မနိုင်ရင် အာဆင်နယ်တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ မျှော်လင့်ချက် ခပ်ပါးပါးက လုံးဝအဆုံးသတ်သွားမှာဖြစ်လို့ အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရအောင် ကြိုးစားရမှာပါ။

ယူနိုက်တက်အသင်းဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် ပွဲဆက် အများဆုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ၁၉၇၉ ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ယူနိုက်တက်အသင်းကို အမှတ်ပေးပြိုင်ပွဲမှာ အဝေးကွင်း ၂ ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ FA ဖလားပွဲတုန်းက အာဆင်နယ်ကို အီမရိတ်စ်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့ပြီး အခုပွဲမှာ အနိုင်ရမယ်ဆိုရင် အာဆင်နယ်နဲ့ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံမှာ နိုင်ပွဲ ၁၀၀ ပြည့်မြောက်မှာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဘ၀ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မဲ့ အာတီတာဟာ ယူနိုက်တက်နဲ့ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၇ ပွဲအထိအနိုင်ရခဲ့သလို ၁ ပွဲသရေ၊ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ပွဲဆက်အများဆုံးရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး အဆုံးသတ်နိုင်မလား . .အာတီတာကပဲ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မှာ ယူနိုက်တက်ကို အနိုင်ယူသွားမလားဆိုတာကတော့ ဒီည အိုးထရက်ဖို့ဒ်မှာ အဖြေထွက်လာတော့မှာပါ။