ဂယ်ရီ နဗီးလ် ကတော့ ဒီည အာဆင်နယ် ယူနိုက်တက် ကို မနိုင်ဘူး လို့ သုံးသပ်ချက် ထုတ်

မန်ချက်စတာ ယူနိုက်တက်က ဒီည အိုးထရက်ဖို့ဒ်မှာ အာဆင်နယ် အသင်းကို ဧည့်ခံ ကစားဖို့ ရှိနေပြီး ဒီပွဲမှာ ဧည်သည် ဂန်းနားတို့ အနိုင် မရနိုင်ဘူး လို့ သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်က ယုံကြည်နေပါတယ်။

စနေညက ပွဲမှာ လီဗာပူးက နိုင်ပွဲ ရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်မှာ အာဆင်နယ်နဲ့ ၁၆ မှတ်ထိ ပြတ်သွားခဲ့ပြီ ဖြစ်ပြီး နည်းပြ အာတီတာ ရဲ့ အသင်း အနေနဲ့ လီဗာပူးကို ဆက်လက် ဖိအားပေးချင်ရင် ပွဲတိုင်း အနိုင် ၃ မှတ်ပြည့် ရမှသာ ဖြစ်မှာပါ။

နဗီးလ်ကတော့ လောလောဆယ်မှာ မန်ချက်စတာ ယူနိုက်တက်က ရုန်းကန်နေရသည့်တိုင် ဒီလို ပွဲကြီးမျိုးမှာ လုပ်ပြနိုင်မယ် ယူဆထားပါတယ်။

” အခုနေမှာ မန်ချက်စတာ ယူနိုက်တက်က ကစားတာ သိပ်ကို ညံ့ဖျင်းတယ် ဆိုပေမယ့် သူတို့က အသင်းကြီး ပြိုင်ဘက်တွေနဲ့ တွေ့ရင် တခါတလေ ကောင်းလာတတ်ပါတယ်။

ဒီ တနင်္ဂနွေနေ့မှာ ဒါမျိုးမြင်ရမယ် လို့ ကျွန်တော် ထင်တယ်။ အသင်း ပရိသတ်တွေက သူတို့ကို အကူအညီ ပေးပါလိမ့်မယ်။ ပွဲကတော့ ၁-၁ နဲ့ သရေကျမယ် ထင်တယ်။ ” လို့ နဗီးလ်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ယနေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။