ဘရူနို ဖရီးကစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကစားပုံ အားရစရာ မရှိဘဲ အာဆင်နယ်နဲ့ သရေသာ ကန်နိုင်ခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ဟာ ညက အိုးလ်ထရက်ဖို့ဒ်မှ အာဆင်နယ်ကို ဧည့်ခံ ကစားရာ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။
ပထမပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကလွဲရင် ယူနိုက်တက်ကစားကွက်က ဘာမှ မယ်မယ်ရရ မရှိဘဲ အာဆင်နယ် ကစားတာကို မူတည်ပြီးတော့ အခြေအနေအရ တုံ့ပြန်တာပဲရှိပါတယ်။
အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်း ပြဿနာအကြီးကြီးတက်နေတာကြောင့် ယူနိုက်တက် ခြေစွမ်း စုတ်ပြတ်နေတာတောင် ဂိုးမသွင်းနိုင်ဘဲ ဘောလုံးကိုင်ကစားနိုင်တာပဲရှိပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့ပါဘူး။
ပထမပိုင်းပြီးခါနီးမှာ ဘရူနိုဖာနန်ဒက်စ်က ဖရီးကစ်ကနေ လှလှပပဂိုးသွင်းခဲ့ပြီး ဒီဂိုးကြောင့် ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလ ၁ ရက်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းအပြီးမှာ ပြိုင်ဘက်ကို ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ် ချေပဂိုးရဖို့ အရှိန်ပိုမြှင့်လာတဲ့အတွက် ယူနိုက်တက်တို့ ခံစစ်မှာ အချိန်ကုန်နေပြီး တန်ပြန် တိုက်စစ်ကနေ တစ်ချက်ကောင်းလေးတွေနဲ့ ဒုက္ခပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ တိုက်စစ်မှူးဟွိုင်လန်းက ဘယ်လိုမှ သုံးစားမရတဲ့ တိုက်စစ်မှူးလို့ပဲ သတ်မှတ်ရမှာဖြစ်သလို ဒီလို အဆင့်အတန်းမရှိတဲ့ ကစားသမားမျိုးကို ပေါင် ၇၂ သန်းအထိပေးပြီးတော့ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ခဲ့တဲ့ အဲရစ်တန်ဟက်ကိုပဲ ချီးကျူးချင်ပါတယ်။
အာဆင်နယ်ခံစစ်အမှားကနေ ရှားရှားပါးပါးရတဲ့ အပိုင်ဂိုးသွင်းခွင့်ကို ဟွိုင်လန်း ကန်မလို၊ မကန်မလိုနဲ့ အူကြောင်ကြောင်လုပ်နေလို့ ဒီကလန်ရိုက်စ် ဖျက်ထုတ်တာခံခဲ့ရပြီး နောက်တစ်ကြိမ်မှာလည်း အနီးကပ်ပိတ်ရတာတောင် ဂိုးပေါက်မတည့်ခဲ့ပြန်ပါဘူး။
အမော်ရင်ဟာ ဟွိုင်လန်းအစား လူငယ်တိုက်စစ်မှူးအိုဘီကို လူစားဝင်ကစားခိုင်းရင်တောင် ယူနိုက်တက်တို့ ကံကောင်းပြီး နိုင်ချင်နိုင်သွားပါဦးမယ်။
အာဆင်နယ်အတွက် အဖိုးတန်ချေပဂိုးကိုတော့ ၇၄ မိနစ်မှာ ဒီကလန်ရိုက်စ်က ပယ်နယ်တီဧရိယာထိပ်ကနေ ကန်ချက်ပြင်းပြင်းနဲ့သွင်းခဲ့ပြီး ယူနိုက်တက်ကစားသမားတွေ ဒီကလန်ရိုက်စ်ကို တစ်ယောက်မှ လူမကပ်ဘဲ ပယ်နယ်တီ Box ထဲမှာပဲ စုပြုံမတ်တတ်ရပ်နေတာက အံ့အားသင့်စရာကောင်းလွန်းပါတယ်။
ယူနိုက်တက်စီနီယာကစားသမားတွေ အပြိုင်အဆိုင် ညံ့နေချိန်မှာ လူငယ်တွေဖြစ်ကြတဲ့ ဟဲဗန်း၊ ကော်လီယာတို့ကတောင် သရဲနီစိတ်ဓာတ်အပြည့်နဲ့ကစားသွားတာကိုလည်း တွေ့ရပါတယ်။
အခုပွဲ သရေကျခဲ့လို့ အာဆင်နယ်အသင်းဟာ ထိပ်ဆုံး လီဗာပူးလ်နဲ့ ၁ ပွဲလျော့ ၁၅ မှတ်ကွာနေပြီဖြစ်တာကြောင့် ဒီရာသီမှာလည်း အကောင်းဆုံး ဒုတိယဘဝနဲ့ပဲ ကျေနပ်ရဖို့ များနေပါပြီ။