ယူနိုက်တက်မှာ ဘရူနို ဖာနန်ဒက်စ် လို ကစားသမားတွေသာ များများ ရှိရင် .. ဆိုတဲ့ အေမိုရမ်
မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က ဘရူနိုဖာနန်ဒက်စ်ကဲ့သို့ ကစားသမားများစွာ ပိုင်ဆိုင်ထားလျှင် ကလပ်မှာ ယခုကဲ့သို့ ဆိုးရွားတဲ့အခြေအနေမျိုးနှင့် ရင်ဆိုင်ရမှာ မဟုတ်ကြောင်း အာဆင်နယ်နဲ့ ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် အာဆင်နယ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ဖရီးကစ်မှ တဆင့် အဖွင့်ဂိုးသွင်းသွားပါတယ်။
စည်းမျဉ်းအရ ဘောလုံးမှာ ကစားသမားတံတိုင်းနှင့် ၁၀ ကိုက်အကွာမှာ ရှိရမှာ ဖြစ်ပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ဟာ ပါးနပ်စွာလှည့်စားပြီး ၁၁.၂ ကိုက်အကွာမှာ ဘောလုံးတည်ကာ ကန်သွားခဲ့ပါတယ်။

အေမိုရမ်က “ဘရူနိုလို ကစားသမားအများကြီး လိုတယ်။ အရည်အသွေးနဲ့ စရိုက်ကြောင့်ချည်းပဲ မဟုတ်ဘူး။ အမှားတချို့ လုပ်ပေမဲ့ ဘောလုံး မရှိချိန်မှာရော ရှိနေချိန်မှာရော အဆုံးအဖြတ်ပေးနိုင်တယ်။ အမြဲတမ်း ရှေ့ထွက်လာတယ်။
တချို့ကာလတွေမှာ စိတ်ပျက်တာတွေ ပြသတာက သူ့ကို ပိုထိခိုက်လာနိုင်စေတာ နားလည်ပါတယ်။ သူက အနိုင် လိုချင်တာပါ။ အမြဲတမ်း အသင့်ဖြစ်နေတတ်တယ်။ ကွဲပြားတဲ့နေရာတွေမှာ ကစားနိုင်တယ်။ ဂိုးလိုတိုင်း၊ ဖန်တီးမှုလိုတိုင်း သူ ထွက်လာတတ်တယ်”လို့ ပြောကြားသွားပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲကစားပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၈၆ ပွဲကစားထားရာမှာ ၆၁ ဂိုးသွင်းပြီး ၄၈ ကြိမ်ဖန်တီးထားပါတယ်။
ယင်းကာလအတွင်းမှာ သူ့ထက် ဂိုးနှင့် ဖန်တီးမှု ပိုလုပ်နိုင်သူတွေအဖြစ် မိုဟာမက်ဆာလက်နှင့် ဆန်ဟောင်မင်းတို့ပဲ ရှိပါတယ်။