ပေါ့ဘာကို မျှော်နေသူ၊ ဗီလာကွင်းလယ်ကို မျက်စိကျနေတဲ့ ရန်းနစ်နဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က လက်ရှိအချိန်မှာ ပေါ့ဂ်ဘာသာ ပြန်လာရင် မန်ယူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်သင်း ဖြစ်လာမှာဖြစ်ကြောင်း၊ ရန်နစ်လက်ထက်မှာ မန်ယူရဲ့ပုံစံက များစွာ တိုးတက်လာမယ် လို့ ထင်မြင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ယာယီနည်းပြသစ် ရန်နစ်က ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ကွင်းလယ်အတွဲဖြစ်တဲ့ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ကို ချီးကျူးခဲ့ပြီး သူတို့တွေဟာ အမှားတချို့ ကျူးလွန်ခဲ့ကြပေမဲ့ ခြုံကြည့်ရင်တော့ ကျေနပ်စရာကောင်းခဲ့ကြောင်း ဆိုခဲ့တာပါ။

မန်ယူအနေနဲ့ ရာသီကုန်မှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ ပေါ့ဂ်ဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဗီလာ ကွင်းလယ်လူ မက်ဂင်းကို မျက်စီကျလျက် ရှိနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ လင်ဂတ်နဲ့ မာရှယ်လ်တို့ကို ချန်လှပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး မန်ယူ နည်းပြ ရန်နစ်က သူတို့နှစ်ယောက်ဟာ လေ့ကျင့်ရေးကွင်းမှာ အနည်းငယ် ထိခိုက်မိခဲ့ကြတာကြောင့် ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကို ပစ်မှတ်ထားနေတဲ့အသင်းတွေထဲ စီးရီးအေကလပ် ဂျူဗင်တပ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကာဗာနီဟာ လက်ရှိမန်ယူမှာ ရုန်းကန်နေရပြီး ရာသီကုန်မှာအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီကတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နည်းပြသစ်ရှာဖွေရာမှာ စပါး နည်းပြဟောင်း ပိုချက်တီနိုကို မခန့်အပ်သင့်ကြောင်း၊ မန်ယူအနေနဲ့ ပိုချက်နိုအစား ရော်ဂျာကိုသာ ခန့်အပ်သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ Kopa Trophy အတွက်ဘယ်သူ့တွေကို မဲပေးခဲ့သလဲဆိုတာ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အဆိုပါဆုအတွက် ပထမနေရာမှာ အသင်းဖော်လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို မဲပေးခဲ့ပြီး ဒုတိယနေရာမှာ ပီအက်စ်ဂျီနောက်ခံလူ မန်ဒက်စ်နဲ့ တတိယနေရာမှာ ဒေ့ါမွန်က ရေနာတို့ကိုရွေးချယ်ခဲ့ပါတယ်။ အသက်၂၁ နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပေးအပ်တဲ့ အဆိုပါဆုကို ဒီနှစ်မှာ ဘာစီလိုနာကြယ်ပွင့် ပတ်ဒရီက ရရှိခဲ့တာပါ။