တန်ဟက်ကို စောစော မထုတ်ပယ်ခဲ့မိတာ မှားတယ်၊ တောင်းပန်ပါတယ် ဆိုတဲ့ ရက်ကလစ်ဖ် ရဲ့ ဝန်ခံစကား

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တစ်ဦးဖြစ်သူ ဆာဂျင်မ် ရက်ကလစ်ဖ်က ပြီးခဲ့တဲ့နွေရာသီတုန်းက အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်ထားမိတာက မှားယွင်းခဲ့တယ်လို့ ဝန်ခံပြီး အဲဒီအမှားအတွက် ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟက်ဟာ ယူနိုက်တက်အသင်းကို ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ လိဂ်ဖလား၊ FA ဖလားတွေ ရယူနိုင်ခဲ့ပေမဲ့ ဒုတိယမြောက်ရာသီမှာ ရလဒ်တွေဆိုးရွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲသမိုင်းမှာ စံချိန်တင်ရှုံးပွဲအဖြစ် ၁၄ ပွဲအထိ ရှုံးနိမ့်ခဲ့သလို ၃၄ နှစ်အတွင်း အဆိုးရွားဆုံးအဖြစ် အဆင့် ၈ နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ရာသီကုန်မှာ FA ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့က အဲရစ်တန်ဟက်ကို ၁ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရာသီစတင်ခဲ့ပြီးတဲ့နောက် ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး အမော်ရင်နဲ့အစားထိုးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်ကို စာချုပ်မပြည့်ခင် ရာထူးက ထုတ်ပယ်ခဲ့တာနဲ့ အမော်ရင်ကို လျော်ကြေးပေးခေါ်ယူခဲ့တာတွေအတွက် ပေါင် ၂၁.၁ သန်းအထိ ကုန်ကျခဲ့ရပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ အားကစားဒါရိုက်တာဖြစ်သူ အက်ရှ်ဝေ့ါသ်ကိုလည်း စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူခဲ့ပေမဲ့ ၅ လအကြာမှာပဲ အက်ရှ်ဝေ့ါသ်က အသင်းနဲ့လမ်းခွဲခဲ့တာကြောင့် နောက်ထပ် ပေါင် ၄.၁ သန်း ကုန်ကျခဲ့ပြန်ပါတယ်။

အခု The Times သတင်းစာနဲ့အင်တာဗျူးမှာ ရက်ကလစ်ဖ်က “အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်ထားခဲ့တာနဲ့ အက်ရှ်ဝေ့ါသ်ကို ခေါ်ယူခဲ့တာတွေက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အမှားလုပ်ခဲ့တာကို လက်သင့်ခံပြီး အဲဒီအတွက်လည်း တောင်းပန်ပါတယ် . .”

“အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်ထားခဲ့တာက FA ဖလားရခဲ့တာကြောင့် မဟုတ်ပါဘူး။ ပရိသတ်တွေကတော့ ကျွန်တော်တို့ဟာ အဲရစ်တန်ဟက်နဲ့ဆက်ပြီးလက်တွဲချင်ခဲ့တယ်လို့ ထင်ကြမှာပါ။ အဲရစ်တန်ဟက်ကို စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ချိန်တုန်းက အသင်းရဲ့management team ဟာ အစီအစဉ်မကျသေးဘဲ အသင်းမှာ သူတို့တာဝန်ယူရတာက ၅ မိနစ်တောင် မကြာခဲ့ပါဘူး . .”

“ဒါပေမဲ့ ၃ လအကြာမှာတော့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် မှားသွားပြီဆိုတာ ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရတာကြောင့် အဲဒီအမှားကို ပြင်ဆင်ခဲ့ပြီး ဒီနေ့မှာ ကျွန်တော်တို့အသင်းက မတူညီတဲ့နေရာတစ်ခုရောက်ရှိနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိနည်းပြဖြစ်သူ အမော်ရင်နဲ့ပတ်သက်ပြီး ရက်ကလစ်ဖ်က “အမော်ရင်ကို ကျွန်တော် အရမ်းသဘောကျပါတယ်။ သူက အတွေးအခေါ်ရှိတဲ့လူတစ်ယောက်ပါ။ အသင်းလေ့ကျင့်ရေးကွင်းကို ကျွန်တော် သွားတိုင်း အမော်ရင်နဲ့အမြဲစကားပြောဖြစ်ပါတယ် . .”

“သူနဲ့အတူ ကော်ဖီထိုင်သောက်ပြီး ဘာတွေမှားနေပြီလဲဆိုတာ ပြောတဲ့အခါက အမော်ရင်က f*** off လို့ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော့်ကို ပြန်ပြောခဲ့ပါတယ်။ အဲဒါကြောင့်ပဲ သူ့ကို ကျွန်တော် သဘောကျတာပါ”လို့ ပြောကြားခဲ့ပါတယ်။