၃လ ကျော်ကြာ၊ ၂၁ ပွဲကြာမှ ဂိုးပေါက် ပြန်တွေ့ရတဲ့ အကြောင်းအရင်းကို ဖြေရှင်းလာတဲ့ တိုက်စစ်မှုး ဟွိုင်လန်း
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းက ကိုယ်ကိုယ်တိုင် ကြိုးစားမှုသာမက အသင်းဖော်တွေနဲ့နားလည်မှု ပိုရှိလာတာကြောင့် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ပေါင် ၇၂ သန်းတန် တိုက်စစ်မှူးဟွိုင်လန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဗစ်တိုးရီးယားပါလ်ဇန်နဲ့ ယူရိုပါလိဂ်ပွဲမှာ ၂ ဂိုးသွင်းပြီးတဲ့နောက် ၂၂ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်တော့ဘဲ နာရီပေါင်း ၂၂ နာရီနဲ့ ၁၉ မိနစ်အကြာမှ လက်စတာကို ၃-၀ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ဂိုးပြန်သွင်းခဲ့ပါတယ်။
ဒါ့အပြင် ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ဒီဇင်ဘာလ ၈ ရက်တုန်းက နော်တင်ဟမ်ဖော်ရက်စ်ကို ၃-၂ ဂိုးနဲ့ရှုံးတဲ့ပွဲအပြီး ၃ လကျော်အကြာမှ ပရီးမီးယားလိဂ်သွင်းဂိုး ပြန်ရခဲ့တာဖြစ်ပါတယ်။
ဟွိုင်လန်းက “ပြီးခဲ့တဲ့ပွဲတွေမှာ ကျွန်တော်ဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စနစ်သစ်၊ ပုံစံသစ်အောက်မှာ အံဝင်အောင် ကြိုးစားနေရဆဲဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ အရင်ကထက် ပိုတိုးတက်မှုရှိလာတယ်လို့ ထင်ပါတယ် . . .”
“နောက်ပြီး ကျွန်တော်နဲ့အသင်းဖော်တွေကြားမှာ ချိတ်ဆက်မှု ပိုကောင်းလာပြီး ကျွန်တော်ကလည်း ကိုယ့်ရဲ့အားသာချက်၊ အသင်းဖော်တွေရဲ့ အားသာချက်က ဘာလဲဆိုတာ ပိုနားလည်လာပါပြီ။ နည်းပြ လိုချင်တာကလည်း အဲဒါပါပဲ။ သူက ကျွန်တော်တို့အားလုံးကို ကိုယ်စွမ်းရှိသမျှ အားထုတ်ကစားစေချင်တာဖြစ်ပါတယ် . . ”
“အခုလို ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့အတွက် ဝမ်းမြောက်မိသလို ကိုယ့်ကိုယ်ကိုယ်လည်း အများကြီးယုံကြည်မှုရစေပါတယ်။ နောက်ထပ်ဂိုးတွေ ထပ်သွင်းနိုင်ဦးမယ်ဆိုတာ ကျွန်တော် သေချာပေါက် အာမခံရဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။