မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် အလားအလာကိစ္စ ဖွင့်ဟလာတဲ့ ခရစ္စတီယန် အဲရစ်ဆင်
ခရစ္စတီယန် အဲရစ်ဆင်ဟာ စာချုပ် သက်တမ်းကုန်ဆုံးမဲ့ နွေရာသီမှာ ယူနိုက်တက်မှ ထွက်ခွာလာဖို့ ရှိနေပြီး အခြားပရီးမီးယားလိဂ်ကလပ်တစ်ခုသို့ ပြောင်းလာဖို့ မရှိတော့ပါဘူး။
အသက် ၃၃ နှစ်ရှိ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်သို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတွင် နှလုံးဖောက်ကာ မေ့လဲကျပြီးနောက် ဘရန့်ဖို့ဒ်တွင် ကစားသမားဘဝ ပြန်လည်စတင်ခဲ့ရသူလည်း ဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၆၆ ပွဲအထိ ကစားခွင့်ရထားပေမဲ့လည်း ယခုရာသီမှာတော့ ၁၆ ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။
အဲရစ်ဆင်ဟာ စာချုပ်သက်တမ်း လပိုင်းမျှသာ ကျန်တော့ပေမဲ့လည်း ယခုတိုင် ကလပ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းခြင်းမခံရသေးပါဘူး။
အဲရစ်ဆင်က “အခုအချိန်အထိတော့ ကလပ်ဘက်က ဘာမှ မကြားရသေးဘူး။ ဒီအတိုင်းဆိုရင်တော့ လက်တွဲတာ ရပ်ရမှာပေါ့။ အသစ်တစ်ခု ရှာဖွေဖို့လည်း ပြင်ဆင်ထားပါတယ်။ ဘယ်မှာ ရှိနေမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး”လို့ ပြောကြားသွားပါတယ်။
အဲရစ်ဆင်ဟာ အေဂျက်စ်တွင် ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး စပါးစ်တွင် ၇ ရာသီကြာ ကစားပြီးနောက် အင်တာမီလန်သို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
ဆက်လက်ပြီး အဲရစ်ဆင်က “အင်္ဂလန်မှာ ဆက်နေဖို့တော့ ဆန္ဒမရှိဘူး။ အမေရိကန်သို့လည်း သွားမှာ မဟုတ်ဘူး။ ဥရောပမှာပဲ ဆက်နေချင်တယ်။ ဒိန်းမတ်က အိမ်သို့ ပြန်ဖို့လည်း စောသေးတယ်။ နိုင်ငံခြားမှာ ကောင်းမွန်တဲ့ နှစ်တချို့ ကစားနိုင်သေးတယ်လို့ ခံစားရတယ်”လို့ ပြောကြားသွားပါတယ်။