လာမယ့်နွေမှာ ကစားသမား ၁၀ ဦး အထိ ရှင်းထုတ်ရန် မန်ချက်စတာ ယူနိုက်တက် စီစဉ်နေပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ၁၀ ဦးအထိ ရှင်းလင်းကာ အသင်းအား ကြီးမားတဲ့ ပြောင်းလဲ တည်ဆောက်မှု ပြုလုပ်မယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ဝါရင့်ကစားသမားများဖြစ်ကြတဲ့ ဂျွန်နီ အီဗန့်နှင့် တွမ် ဟီတန်တို့မှာ ကစားသမားဘဝမှ အနားယူလာကြမှာ ဖြစ်ပြီး ဗစ်တာ လင်ဒီလော့ဖ်နှင့် ခရစ္စတီယန် အဲရစ်ဆင်တို့မှာ စာချုပ်သက်တမ်းကုန်ဆုံးကာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာကြပါမယ်။
၎င်းတို့ အပြင် ယူနိုက်တက်ဟာ အငှားချထားတဲ့ မားကပ်စ်ရက်ဖို့ဒ်၊ အန်တိုနီ၊ ဂျာဒွန်ဆန်ချိုတို့အား အပြီးသတ်ရောင်းချလာမှာ ဖြစ်ပြီး ကက်စ်မီရိုကိုလည်း အရောင်းစာရင်းတင်ပါမယ်။
ယူနိုက်တက်ဟာ ဆန်ချိုအား ချဲလ်ဆီးသို့ အငှားချစဉ်တုန်းက ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ရောင်းချမဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားသလို ရက်ဖို့ဒ်ရဲ့စာချုပ်တွင်လည်း ပေါင် ၃၅ သန်းဖြင့် အပြီးသတ်ရောင်းချမဲ့အချက် ထည့်သွင်းထားပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းနှင့် ညိစွန်းနေပြီး ကစားသမားသစ် ခေါ်ယူရေးအတွက် ကစားသမား ဦးစွာ ရောင်းချရပါမယ်။
တဖက်တွင် တူရကီ လက်ရွေးစင် ဂိုးသမား အယ်တေးဘာယင်ဒါမှာလည်း ၂၀၂၆ ကမ္ဘာ့ဖလားကစားလိုမှုနှင့်အတူ ပုံမှန် ပွဲကစားခွင့်ရရှိမဲ့ ကလပ်သို့ ပြောင်းလိုနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ပီအက်စ်ဗွီသို့ အငှားချထားတဲ့ တိုင်ရဲလ်မာလာစီယာကိုလည်း အပြီးသတ် ရောင်းချလာပါမယ်။
ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းအရ အကယ်ဒမီထွက် ကစားသမားများကို ရောင်းချမှုအား အမြတ်အဖြစ် သတ်မှတ်ထားရာ ယူနိုက်တက်ဟာ အလီဂျန်ဒရိုဂါနာချိုနှင့် ကိုဘီမိုင်နူးတို့အား ရောင်းချရေးကိုလည်း စဉ်းစားထားပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ ကိုဘီမိုင်နူးကို စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုလာမှသာ ရောင်းချလာပါမယ်။
ယူနိုက်တက်ဟာ တိုက်စစ်သမားများဖြစ်ကြတဲ့ ရာစမပ်ဟွိုင်းလန်းနှင့် ဂျိုရှာဇတ်ဇီးတို့ကိုလည်း ရောင်းချရေး စဉ်းစားလာပါမယ်။
တဖက်မှာ ရူဘင်အေမိုရမ်ဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ မေဆင်မောင့်ကိုမူ ၃-၄-၂-၁ ကစားကွက်တွင် အလုပ်ဖြစ်တယ်လို့ ယုံကြည်ကာ ရောင်းချလာဖို့ မရှိပါဘူး။
မေဆင်မောင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီတွင် ချဲလ်ဆီးမှ ပြောင်းလာပြီးနောက် ၃၃ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် အထက်ပါ ကစားသမားများကို ရောင်းချပြီး ကွင်းလယ်ဖန်တီးရှင်နှင့် တိုက်စစ်မှူး ခေါ်ယူအားဖြည်ရေး အဓိကကြိုးပမ်းလာပါမယ်။