အိုးထရက်ဖို့ဒ်မှာ ဂိုးမသွင်းနိုင်ကြဘဲ သရေ တစ်မှတ်စီ ခွဲယူသွားတဲ့ မန်ချက်စတာ ဒါဘီပွဲအကြောင်း

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ ဂိုးမရှိ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

နည်းပြ အမော်ရင်လက်ထက်မှာ ယူနိုက်တက်ရဲ့ခြေစွမ်းက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုလေးတချို့ မြင်တွေ့လာရပေမဲ့ အရင်လို အသင်းကြီးတစ်သင်းရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံဖို့ဆိုရင်တော့ လာမဲ့နွေရာသီကျရင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ လိုအပ်နေပါပြီ။

လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ လုပ်အားနှုန်းနဲ့ တစ်ဦးချင်း Skill က ကျေနပ်စရာကောင်းပေမဲ့ ဖန်တီးမှုပိုင်းနဲ့ အဆုံးသတ်ပိုင်းစွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာကောင်းလွန်းပြီး ပြိုင်ဘက်အသင်း ပယ်နယ်တီဧရိယာ Box နားရောက်ရင် ဘယ်လိုဖြစ်လို့ဖြစ်မှန်းမသိဘဲ လဲလဲကျတာက ၁ ပွဲ၊ ၂ ပွဲ မဟုတ်တော့ပါဘူး။

ယူနိုက်တက်လိုပဲ အထည်ကြီးပျက်ဘဝရောက်နေတဲ့ မန်စီးတီးအသင်းကလည်း တစ်ပွဲလုံး ထိထိရောက်ရောက် ထိုးဖောက်မှု မလုပ်နိုင်ဘဲ မန်စီးတီးကစားသမားဘ၀ နောက်ဆုံး မန်ချက်စတာဒါဘီပွဲအဖြစ် ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းနားဟာ တစ်ချိန်ကလို ခြေစွမ်းမျိုး မရှိတော့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

မန်ချက်စတာဒါဘီပွဲဖြစ်နေလို့သာ လူစိတ်ဝင်စားမှုများခဲ့ပေမဲ့ ပွဲချိန်အတွင်း နှစ်သင်းစလုံးရဲ့ခြေစွမ်းကတော့ စိတ်လှုပ်ရှားစရာ သိပ်မရှိဘဲ သရေတစ်မှတ်ရယူနိုင်ဖို့ပဲ အဓိက အာရုံစိုက်ကစားခဲ့ကြပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်တို့ ကောင်တာတိုက်စစ်နဲ့ မန်စီးတီးကို တုံ့ပြန်ခဲ့ပြီး ပွဲစလို့ ၃၅ စက္ကန့်အကြာမှာပဲ ဂါနာချို ဘောလုံးဆွဲပြေးလာတာကို ရူဘင်ဒီယက်စ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ်အပြခံခဲ့ရတဲ့အတွက် ၂၀၀၆-၀၇ ရာသီနောက်ပိုင်း မန်ချက်စတာဒါဘီပွဲမှာ အစောဆုံးအဝါကတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပုံစံကောင်းပြန်ပျောက်နေတဲ့ ဖိုဒန်ကတော့ အခုပွဲမှာ ပါလို့ပါမှန်းတောင် မသိရဘဲ အခုဆိုရင် ပရီးမီးယားလိဂ် ၇ ပွဲဆက်တိုက် သွင်းဂိုး/ ဂိုးဖန်တီးမှု မရှိခဲ့ပါဘူး။

မန်စီးတီးတိုက်စစ်မှာ မာမူ့ရှ်၊ ဒီဘရိုင်းနား၊ ဖိုဒန်တို့က နေရာစုံ Rotate ကစားပေမဲ့ မာမူ့ရှ်တစ်ယောက်သာ ပုံမှန်လောက်ကစားနိုင်ပြီး ဒီဘရိုင်းနားရော ဖိုဒန်ပါ ခြေစွမ်းမပြနိုင်လို့ မန်စီးတီးတိုက်စစ်က အသက်မဲ့ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မာမူ့ရှ်ရဲ့ကန်ချက်ကို အိုနာနာ ပုတ်ထုတ်ခဲ့ရသလို ဇာ့ခ်ဇီရဲ့ အနီးကပ်ပိတ်ချက်ကိုလည်း အီဒါဆင် ကာကွယ်နိုင်ခဲ့တာကလွဲရင် ကျန်တဲ့ပွဲချိန်အတွင်းမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းက သာမန်လောက်ပဲရှိခဲ့ပါတယ်။

အဲဒါကြောင့်ပဲ ၁၉၆ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲက ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့ပါတယ်။