နောက်လထဲ အာရှသို့ ရာသီကုန် ခြေစမ်းပွဲ ငွေရှာထွက်ရမယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်လ၊ မေလတွင် ပရီးမီးယားလိဂ်ရာသီသိမ်းပြီးနောက် ချက်ချင်းပင် မလေးရှားနှင့် ဟောင်ကောင်သို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားသွားပါမယ်။

ယူနိုက်တက်ဟာ မေလ ၂၈ ရက်နေ့တွင် မလေးရှားသို့ သွားရောက်ကာ ကွာလာလမ်ပူမှာ ASEAN ALL STARS နှင့် ခြေစမ်းပွဲကစားသွားမှာ ဖြစ်ပြီး ယင်းပွဲအပြီး ၂ ရက်အကြာမှာ ဟောင်ကောင်သို့ သွားရောက်ကာ ခြေစမ်းပွဲကစားပါမယ်။

ယူနိုက်တက်ဟာ မေလ ၂၅ ရက်နေ့မှာ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲအဖြစ် အိုးထရက်ဖို့ဒ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံကစားပြီးနောက် ချက်ချင်းဆိုသလို အာရှသို့ ခရီးထွက်လာပါမယ်။

ယူနိုက်တက်ဟာ အာရှခရီးစဉ်မှ ဒေါ်လာ ၁၀ သန်း(ပေါင် ၇.၈ သန်း)အထိ ရှာဖွေလာနိုင်ဖို့ ရှိပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားများဟာ ခြေစမ်းပွဲကစားပြီးနောက် နောက်တစ်ပတ်မှာ နိုင်ငံတကာပွဲစဉ်များ ကစားရန်အတွက် နိုင်ငံအသင်းနှင့် ပူးပေါင်းရပါမယ်။

ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ နွေရာသီတွင် အမေရိကန်သို့လည်း သွားရောက်မှာ ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့မှာ ခြေစမ်းပွဲများ ကစားသွားပါဦးမယ်။

ယူနိုက်တက်ဟာ မလေးရှားမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့အသင်း ဖြစ်ပြီး Malaysia Airlines က ကလပ်ရဲ့ လေကြောင်းကော်မာရှယ်ပါတနာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်တို့ မလေးရှားသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့တာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပြီး ဟောင်ကောင်သို့ နောက်ဆုံး သွားခဲ့တာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက စပါးစ်နှင့် နယူးကာဆယ်တို့ဟာလည်း ရာသီသိမ်းပြီးနောက် ချက်ချင်းပင် ဩစတြေးလျသို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားခဲ့ကြဖူးပါတယ်။