နွေမှာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကစားရန် ထပ်မံ ဆွေးနွေးမှု ပြုလုပ်နေတဲ့ မားကပ် ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ မားကပ်စ်ရက်ဖို့ဒ်ဟာ ဆောင်းရာသီတုန်းက အက်စတွန်ဗီလာသို့ မပြောင်းမီ ပီအက်စ်ဂျီသို့ ပြောင်းရေး ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယနေ့ညတွင် ဗီလာရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပြိုင်ဘက် ပီအက်စ်ဂျီသို့ ပြောင်းရေး ဆွေးနွေးနေဆဲလည်း ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ယူနိုက်တက်သို့ နည်းပြသစ်ရူဘင်အေမိုရမ်ရောက်လာပြီးနောက် ပြဿနာတက်ကာ ဇန်နဝါရီလမှာ ဗီလာသို့ အငှားဖြင့် ပြောင်းခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ခုနှစ်တုန်းက ပီအက်စ်ဂျီသို့ ပြောင်းဖို့ တကယ်ပဲ နီးစပ်ခဲ့သူ ဖြစ်ပါတယ်။

ထိုစဉ်တုန်းက ပီအက်စ်ဂျီဟာ နေမာ နေရာမှာ အစားထိုးဖို့ ရက်ဖို့ဒ်ကို ခေါ်ယူရေး ဆွေးနွေးခဲ့ပြီး ပီအက်စ်ဂျီနှင့် ရက်ဖို့ဒ်ရဲ့အေးဂျင့်များအကြား အနည်းဆုံး ၃ ကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာပါ။

ရက်ဖို့ဒ်ဟာ ထိုစဉ်တုန်းက ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုနှင့် ဆွေးနွေးခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့အတွက် မီးစိမ်းပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်းနှစ်မေလမှာ လီယိုနာဒို ထုတ်ပယ်ခံရပြီးနောက် ရက်ဖို့ဒ်ရဲ့ ပီအက်စ်ဂျီအပြောင်းအရွှေ့လည်း အဆုံးသတ်သွားခဲ့ပါတယ်။

တကယ်လို့များ လီယိုနာဒိုသာ အထုတ်မခံရပါက ရက်ဖို့ဒ်မှာ ပီအက်စ်ဂျီကစားသမားအဖြစ် ရှိနေပါလိမ့်မယ်။

တဖက်တွင် ပီအက်စ်ဂျီဟာ မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရန် ဆန္ဒရှိနေဆဲ ဖြစ်ပြီး ကစားသမားနှင့် လီယိုနာဒိုနေရာမှာ အစားထိုးတာဝန်ယူတဲ့ လူးဝစ်ကမ်ပို့စ်တို့အကြား ဆွေးနွေးမှု ရှိနေဆဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရေးအတွက် လက်ရှိ အငှားဖြင့် ကစားနေတဲ့ ဗီလာနှင့် အပြိုင်ကြိုးပမ်းရပါမယ်။

ဗီလာဟာ ရက်ဖို့ဒ်ကို အငှားဖြင့် ခေါ်ယူစဉ်တုန်းက ပေါင်သန်း ၄၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက် ထည့်သွင်းထားရာ တပန်းအသာရနေပါတယ်။

ဒါပေမဲ့ ကာယကံရှင် ရက်ဖို့ဒ်ရဲ့ ဆုံးဖြတ်ချက်မှာလည်း အလွန်အရေးပါနေပါတယ်။ ရက်ဖို့ဒ်ဟာ ဗီလာမှာ ပျော်ရွှင်နေတယ်လို့ ယုံကြည်ရပြီး ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးထားနိုင်ပါတယ်။