လိုင်ယွန်နဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင် အမှီ လေ့ကျင့်ခန်း ပြန်ဆင်းလာနိုင်တဲ့ ယူနိုက်တက် ကြယ်ပွင့် ကစားသမား

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကိုဘီမိုင်နူးဟာ ဒဏ်ရာကြောင့် နှစ်လကြာ အနားယူရပြီးနောက် ကြာသပတေးနေ့ လိုင်ယွန်နှင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

မိုင်နူးကို ဗုဒ္ဓဟူးနေ့တုန်းက ယူနိုက်တက်ရဲ့ တံခါးဖွင့်လေ့ကျင့်ခန်းဆင်းအစီအစဉ်တွင် မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယင်းလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ လိုင်ယွန်ပွဲအတွက် ပြင်သစ်သို့ ထွက်ခွာပါမယ်။

ကိုဘီမိုင်နူးဟာ ဆံပင်စတိုင်သစ်ဖြင့် လေ့ကျင့်ခန်းဆင်းလာတာလည်း ဖြစ်ပါတယ်။

မိုင်နူးဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက လက်စတာနှင့် အက်ဖ်အေဖလားပွဲစဉ်နောက်ပိုင်းတွင် အနားယူလာခဲ့ရတာပါ။ သူဟာ လက်စတာနှင့်ပွဲတွင် ပါဝင်ကစားပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းရက်သတ္တပတ်လေ့ကျင့်ခန်းအစီအစဉ်တွင် အာမက်ဒီရယ်လိုမှာလည်း ခြေကျင်းဝတ်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ လပေါင်းများစွာ အနားယူရပါမယ်။

မိုင်နူးဟာ ကြာသပတေးနေ့တွင် Groupama Stadium မှာ လိုင်ယွန်နှင့်ကစားမဲ့ ယူနိုက်တက်ရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ရဲ့ အလယ်တန်းကစားသမား တိုဘီကိုလ်ယာ၊ နောက်ခံလူများဖြစ်ကြတဲ့ မားသီးယပ်စ်ဒီလက်၊ အေဒန်ဟဲဗင်းတို့မှာ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခြင်း မရှိမှုနှင့်အတူ လိုင်ယွန်နှင့်ပွဲကို လွဲချော်လာဖို့ ရှိနေပါတယ်။

မိုင်နူးဟာ ဒဏ်ရာကြောင့် အနားမယူရသေးမီ ယူနိုက်တက်ရဲ့ ပွဲစဉ်တွင် ကျောနံပါတ် ၁၀ နေရာမှာ အဓိကနေရာမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ FCSB ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် ကိုယ်တိုင်ဂိုးသွင်းခဲ့သလို ဒီယေဂိုဒါလော့ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ယင်းပွဲအပြီး နောက်ပွဲဖြစ်တဲ့ ပဲလေ့စ်နှင့်ပွဲမှာတော့ အေမိုရမ်ဟာ မိုင်နူးကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရာမှာတော့ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲက ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက် ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။