ပြသနာဖြစ်လာနေတဲ့ အူဘာ၊ လာကာဇက်၊ ပီပီကို ထည့်မတွက်တော့တဲ့ အာတီတာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ် ကွင်းလယ်လူ သောမတ်ပါတေးက အာဆင်နယ်ကိုပြောင်းရွှေ့ပြီးကတည်းက သူ့စွမ်းဆောင်ရည်ကို အမှတ်ပြန်ပေးရာမှာ ၁၀ မှတ်မှာ ၄ မှတ်သာ ပေးခဲ့ပါတယ်။ လက်ရှိမှာလည်း ပါတေးဟာ ခြေစွမ်းကျဆင်းလျက်ရှိနေပြီး မျှော်လင့်ထားသလို ဖြစ်မလာသေးပါဘူး။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်ဟာ အသင်းရဲ့ ပြဿနာလိုဖြစ်လာကြောင်း၊ အာတီတာအနေနဲ့ အူဘာမီယန်ကို ရောင်းထုတ်ချင် နေမှာဖြစ်ကြောင်း သရဲနီဟောင်း ဂယ်ရီနဗီးလ်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က တိုက်စစ်မှူး လာကာဇက်အနေနဲ့ အသင်းကနေ ထွက်ခွာမယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ၎င်းက လာကာဇက်ဟာ အာဆင်နယ်ရဲ့ လစာမြင့်မားတဲ့ ကစားသမားတွေထဲ ပါပြီး ပြင်သစ်သားရဲ့လစာဟာ နောက်ထပ်ကစားသမား ၂-၃ ယောက်လောက်ကို ခေါ်လို့ရကြောင်း ဆိုခဲ့ပါတယ်။

အဲဗာတန်ကို အရေးနိမ့်ခဲ့ခြင်းအတွက် အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ ကစားပုံကို ဝေဖန်ခဲ့ပြီး ပထမပိုင်းမှာ သူတို့ရဲ့ခြေစွမ်းဟာ လုံးဝ မတည်ငြိမ်ခဲ့ကြောင်း၊ ၁-၀ နဲ့ ဦးဆောင်ထားချိန်မှာ နောက်ထပ် ဂိုးတွေ ရသင့်ကြောင်း မချိတင်ကဲ ညဉ်းတွားခဲ့ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် အနေနဲ့ ချန်ပီယံရှစ် ကလပ် နော်တင်ဟမ် ဖောရက်စ်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အက်ဖ်အေဖလားမှာ အအောင်မြင်ဆုံး အသင်း ဖြစ်နေတာပါ။

အဲဗာတန်နဲ့ပွဲမှာ ပီပီကို ဘာလို့ မသုံးခဲ့သလဲဆိုတာ အမေးခံရစဉ်မှာ အာတီတာက “အန်ကီတက်ချ်ကို ထည့်သုံးဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ သူက အခွင့်အရေး ၃ ကြိမ် ဖန်တီပေးနိုင်ခဲ့ပြီး တစ်ကြိမ်လည်း တိုင်ထိ ထွက်ခဲ့တယ်လေ” လို့ တုံ့ပြန်ခဲ့ပါတယ်။