ခံစစ်အမှားတွေနဲ့ အတူ နယူးကာဆယ်ကို မထိန်းနိုင်ဘဲ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မနေ့ည ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် မန်ယူအသင်း က၁-၄ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။
အမှားများခဲ့တဲ့ အိုနာနာကို ချန်လှပ်ခဲ့ပေမယ့် မန်ယူအသင်းနောက်တန်းက နယူးကာဆယ်ရဲ့ တိုက်စစ်ကို အပြည့်အဝ ထိမ်းချုပ်နိုင်ခြင်း မရှိခဲ့ပဲ နယူးကာဆယ်တို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းတစ်ပိုင်းလုံး နယူးကာဆယ်အသင်းကသာ မန်ယူအသင်းဂိုးပေါက်ကို စိတ်ကြိုက်ကန်သွင်းမှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၂၄ မိနစ်မှာ အိုင်စက်ခ်ရဲ့ အလိုက်သင့်မပေးမှုတစ်ဆင့် တိုနယ်လီက ဂိုးသမားနဲ့ အနီးကပ် ပိတ်သွင်းကာ အဖွင့်ဂိုး စတင် သွင်းယူသွားခဲ့ပါတယ်။
ဒါပေမယ့် မန်ယူအသင်းက ပထမပိုင်းအတွင်းမှာပဲ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဒါလော့ဒ်ရဲ့ ပညာသားပါပါ ဖန်တီးပေးမှုမှ တစ်ဆင့် ဂနာချိုက ဂိုးသမားရဲ့ ညာဘက်အောက်ခြေထောင့်ထဲ ကန်သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာ နယူးကာဆယ်ကသာ ပထမပိုင်းက အတိုင်း မန်ယူအသင်းကို ဆက်တိုက် ဖိအားပေးခဲ့ပြီး မန်ယူအသင်း နောက်တန်း ဟာကွက်တွေကြား ဘားနက်စ်က အနီးကပ် ထပ်မံပိတ်သွင်းယူသွားခဲ့ပြန်ပါတယ်။
နောက်ထပ် ၁၅ မိနစ်အကြာမှာလည်း ဘားနက်ကပဲ မန်ယူအသင်း ကစားသမား သုံးဉီးအရှေ့ကနေ တတိယမြောက်ဂိုး ထပ်မံသွင်းယူသွားခဲ့သလို ဂူမာရက်စ်ကလည်း ၇၇ မိနစ်မှာ မန်ယူအသင်းနောက်ခံလူတွေ လွှတ်ထားပေးတဲ့ နေရာကျယ်ကနေ ဂိုးသမားနဲ့ အနီးကပ် သာသာယာယာ ပိတ်သွင်းယူသွားခဲ့ပြန်ပါတယ်။
မန်ယူအသင်းရဲ့ နောက်တန်းသုံးယောက်ကစားကွက်က နယူးကာဆယ်လို အသင်းမျိုးနဲ့ အတွေ့မှာ ယိုပေါက်တွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပြိး မက်ဇာအိုရီဘက်ခြမ်းကနေ အများဆုံး နယူးကာဆယ်တို့ ထိုးဖောက်နိုင်ခဲ့တာ တွေ့ရပါတယ်။
မန်ယူအသင်းကတော့ ယခုပွဲအပြီး အချိန်အတန်ကြာ ရပ်တည်နေခဲ့တဲ့ အဆင့် ၁၃ နေရာမှ အဆင့် ၁၄ နေရာကို ရောက်ရှိသွားခဲ့ရပြီး နယူးကာဆယ်ကတော့ အဆင့် ၄ နေရာကို တက်လှမ်းသွားခဲ့ပါတယ်။
လာမယ့် လိုင်ယွန်နဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်အတွက် မန်ယူအသင်း သေချာပေါက် ထပ်မံပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေဆဲ ဖြစ်ပြီး ယခုခြေအတိုင်းသာ ကစားခဲ့ပါက ယူရိုပါလိဂ်ကိုပါ ထပ်မံနှုတ်ဆက်ရဖွယ်ရှိနေပါတယ်။