မားကပ် ရပ်ရှ်ဖို့ဒ် ၁ဝဝ% သဘောထားကို ဖော်ထုတ်လိုက်တဲ့ မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဝိန်းရွန်းနီ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာမှာ အငှားလာကစားရင်း ခြေစွမ်းကောင်းတွေ ပြန်လည်နိုင်ပြီးနောက် ယူနိုက်တက်ထံ ပြန်သွားကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သရဲနီဟောင်း ဝိန်းရွန်းနီက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီလ ဆောင်းဈေးကွက်မှာ ယူနိုက်တက်ကနေ ဗီလာအသင်းဆီကို ပေါင်သန်း(၄၀)တန် အပြီးသတ်ဝယ်ယူခွင့်ပါ ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက် ဗီလာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲအတွက် Amazon Prime ရဲ့ ထုတ်လွှင့်မှုမှာ ယူနိုက်တက် ဂန္ထဝင် ရွန်းနီက ဘောလုံးဝေဖန်သူအဖြစ် ပါဝင်ပြီး ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာပဲ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် အသက် သွင်းနိုင်ချင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ရွန်းနီက “မားကပ်စ် ရပ်ရှ်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်မှာ ကစားချင်နေသေးတာ (၁၀၀)ရာခိုင်နှုန်း သေချာပါတယ်။ သူက မန်ချက်စတာမှာ မွေးဖွားသူ မန်ယူနိုက်တက် ပရိသတ်တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့အတွက် ခက်ခဲခဲ့ပါတယ်။

သူ ကစားဖို့ လိုအပ်ခဲ့ပေမယ့် ယူနိုက်တက်မှာ ရာသီအဆုံးသတ်ချိန်အထိ ကစားခွင့်ရတော့မှာ မဟုတ်မှန်း သိသာခဲ့ပါတယ်။ အကောင်းဆုံး အနေအထားမှာ သူဟာ ယူနိုက်တက်အတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့ချင်ပါတယ်။

အဲဒါ ဖြစ်နိုင်ပါ့မလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော် မြင်ချင်တဲ့အရာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ခြေစွမ်းကျဆင်းမှုကြောင့် နည်းပြရူဘင် အမော်ရင်ရဲ့ ရွေးချယ်မှုမှာ ပါဝင်ခွင့်မရတော့ဘဲ အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ အတည်မပြုရသေးပေမယ့် ဗီလာကတော့ ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူနိုင်တဲ့ ရွေးချယ်မှု ပါရှိတာကြောင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။