ဟွိုင်လန်းရဲ့ ဖြုန်းချက်တွေနဲ့ အတူ အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်ကို ထပ်ရှုံးသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ညက အိုးထရ်ကဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဝုလ်ဗ်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဝုလ်ဗ်အသင်းက အဝေးကွင်းမှာ ဝ-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

လိုင်ယွန်ကို comeback နဲ့ အနိုင်ရပြီး တက်ကြွနေတဲ့ ယူနိုက်တက် ကို ဝုလ်ဗ်က အဝေးကွင်းအထိ လာရောက် ပညာပြခဲ့တာ ဖြစ်ပြီး တိုက်စစ်မှာ တစ်ချိန်လုံးထိုင်ဖြုန်းနေတဲ့ ဟွိုင်လန်းကိုသာ ပရိသတ်တွေ အပြစ်တင်ရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ယခုတစ်ခေါက် ပွဲမှာ ဖာနန်ဒက်စ်၊ မက်ဂွိုင်းယားတို့ကို ပွဲထွက်စာရင်းမှ အနားပေးခဲ့ပြီး ဖရီဒရစ်ဆန်၊အမက်စ်တို့လို လူငယ်တွေ အပါအဝင် လင်ဒီလော့ဖ်၊အဲရစ်ဆင်၊ ဒေါ်ဂုတို့လို ကစားသမားတွေကို ပြန်လည် အသုံးပြုလာခဲ့ပါတယ်။

ဟွိုင်လန်း၊ ဂနာချို၊ မိန်နိုးတို့ ဉီးဆောင်လာခဲ့တဲ့ တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်ခဲ့ပဲ ပထမပိုင်း တစ်ပိုင်းလုံး ပြိုင်ဘက်အသင်းဂိုးပေါက်ရှေ့ လွဲချော်မှုတွေနဲ့သာ ရင်ဆိုင်နေခဲ့ရပါတယ်။

ပထမအကျော့ ဝုလ်ဗ်ကို ၂ ဂိုးပြတ် ရှုံးထားသလို ယခုတစ်ခေါက်ပွဲမှာလည်း ဖိအားပေး ကစားနိုင်ဖို့ မန်ယူတို့ ရုန်းကန်နေခဲ့ရပြီး ပြိုင်ဘက်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်မျိုး ပထမပိုင်း တစ်ပိုင်းလုံး မမြင်တွေ့ခဲ့ရပါဘူး။

အထူးသဖြင့် ဟွိုင်လန်း ရဲ့ တိုက်စစ်ပိုင်း နေရာယူမှု၊ ဘောလုံးလက်ခံနိုင်မှုနဲ့ အဆုံးသတ်ပိုင်းတွေက အတော်လေး အားနည်းနေဆဲ ဖြစ်ပြီး မန်ယူအသင်းအနေနဲ့ လာမယ့်နွေ တိုက်စစ်မှူး ကောင်းကောင်းတစ်ယောက် ထပ်မံအားဖြည့်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်၊ မေဆွန်မောင့်၊ ဒါလော့ တို့ လူစားဝင်လာပြီးနောက် မန်ယူအသင်း ကွင်းလယ်ပိုင်းက ပိုမို ကောင်းမွန်လာခဲ့ပေမယ့် အပိုင် အခွင့်အရေးအများအပြားကို တိုက်စစ်ပိုင်းက ထိုင်ဖြုန်းတီးပစ်နေဆဲပါပဲ။

ဝုလ်ဗ်ကတော့ မန်ယူအသင်းကို ရတဲ့နေရာကနေ ရသလို တုန့်ပြန်မှုတွေ ပြုလုပ်သွားခဲ့သလို အထူးသဖြင့် နောက်တန်းက အမှားအယွင်းကင်းကင်း ကစားသွားခဲ့ပြီး ၇၇ မိနစ်အရောက်မှာတော့ ဆာရာဘီယာက ဖရီးကစ်မှတစ်ဆင့် ယနေ့ပွဲရဲ့ တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှသာ ပျာပျာသလဲ လိုက်လံဖိအားပေးလာတဲ့ မန်ယူအသင်းရဲ့ ကြိုးစားအားထုတ်မှုက လုံးဝကို အရာမထင်ခဲ့ပဲ နောက်ဆုံးမှာတော့ ဝ-၁ ဆိုတဲ့ ရလဒ်အတိုင်းသာ အိမ်ကွင်း ပရိသတ်တွေရှေ့ အဆုံးသတ်ခဲ့ရပါတယ်။