ဟွိုင်လန်း ရဲ့ သန်မာမှုကို ဘယ်လို အသုံးချကြမလဲ အကြံပေးလိုက်တဲ့ ဖာဒီနန်
ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကတော့ လတ်တလော တိုင်ပတ်နေတဲ့ ယူနိုက်တက်ရဲ့ ပေါင် ၇၂ သန်းတန် တိုက်စစ်မှူး ဟွိုင်လန်း ကို အကြံပေးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ ရုပ်ပျက်ဆင်းပျက် အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ ဟွိုင်လန်း ကို ပရိသတ်အများအပြား ပြစ်တင်ဝေဖန်နေကြချိန်မှာ ဖာဒီနန်ကတော့ ဟွိုင်လန်း ရဲ့ သန်မာမှုကို ဘယ်လိုနည်းနဲ့ အသုံးချသင့်သလဲဆိုတာ အကြံပေးသွားခဲ့ပါတယ်။
ဖာဒီနန်က “ သူက အသင်းတောင်ပံ ကစားသမားတွေနဲ့ သေသေချာချာ အချိတ်အဆက် မိဖို့ အရင်ဆုံး ကြိုးစားရမှာပါ၊ သူ ဘယ်လိုပုံစံမျိုးနဲ့ ဘောလုံးလိုချင်သလဲ သူ့ကို ဘယ်လိုဖန်တီးပေးရမလဲဆိုတာ အသင်းတောင်ပံ ကစားသမားတွေကို ကောင်းကောင်း အသိပေး တောင်းဆိုသင့်ပါတယ်။
သူ့ရဲ့ အကောင်းဆုံးအားသာချက်တွေကို အသုံးချတက်ဖို့ လိုအပ်နေပါတယ်၊ အခုလောလောဆယ်တော့ သူ့ရဲ့ အသင်းအပေါ် ပါဝင် ပတ်သက်မှုနှုန်းတွေက အားရစရာ အနေအထားမှာ ရှိမနေပါဘူး။
အသင်း ဘောလုံးစရချိန်ကတည်းက သူအသင်းဖော်တွေနဲ့ ကောင်းကောင်း ချိတ်ဆက်မိဖို့ လိုအပ်နေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်း ကွင်းလယ်လူဟောင်း ဟားဂရေ့ဗ်ကလည်း ဟော့ဂျ်လန်းဟာ လျှင်မြန်မှုရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်တာကြောင့် အဆိုပါ အားသာချက်ကို ကောင်းကောင်း အသုံးချဖို့ တိုက်တွန်းသွားခဲ့ပြီး နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ဟော့ဂျ်လန်းကို ရစရာမရှိအောင် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။