မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှ လူငယ်ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ယူနိုက်တက် အံ့အားသင့်ဖွယ် ချိန်ရွယ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခါးသီး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှ လူငယ်ကြယ်ပွင့် ဂျိမ်းစ်မက်အက်တီးကို အံ့အားသင့်စရာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။

အသက် ၂၂ နှစ်သာရှိသေးသူ မက်အက်တီးဟာ မန်စီးတီးအကယ်ဒမီကို ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းမှာ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အထိ အငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။

ဒီရာသီအစမှာတော့ မက်အက်တီးဟာ မန်စီးတီးကို ပြန်လည်ရောက်ရှိခဲ့သလို ပရီးမီးယားလိဂ် ၁၃ ပွဲကစား၊ သွင်းဂိုး ၃ ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ ၂၅ ပွဲကစား၊ ၇ ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ မက်အက်တီးက လာမဲ့ရာသီကျရင် အသင်းမှာ အခုထက် ပိုပွဲကစားခွင့်ရဖို့ ဆန္ဒရှိနေပြီး သူ့ရဲ့စာချုပ်သက်တမ်းကလည်း ၁ နှစ်သာ ကျန်ပါတော့တယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ မက်အက်တီး ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ အဲဒါက ဒီရာသီ ပရီးမီးယားလိဂ်မှာ သူ့အတွက် ဒုတိယမြောက်အဖြစ်သာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက မက်အက်တီးရဲ့အရည်အချင်းအပေါ် ချီးကျူးစကားဆိုခဲ့ပေမဲ့ အသင်းမှာ ပွဲထွက်ကစားခွင့် ပိုပေးဖို့ အခက်အခဲရှိနေတဲ့အပြင် မန်စီးတီးအသင်းဟာ လာမဲ့နွေရာသီကျရင် မော်ဂန်ဂစ်ဘ်စ်ဝှိုက်၊ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဗာ့စ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် မက်အက်တီးအတွက် ပွဲကစားခွင့်ရဖို့ မျှော်လင့်ချက်နည်းပါးနေပါတယ်။

အဲဒါကြောင့် မန်စီးတီးနဲ့မက်အက်တီးတို့ရဲ့အခြေအနေကို ယူနိုက်တက်အပါအဝင် နော်တင်ဟမ်ဖော်ရက်စ်၊ နယူးကာဆယ်၊ အေစီမီလန်အသင်းတို့က အပြိုင်စောင့်ကြည့်နေကြပါတယ်။

တကယ်လို့ ယူနိုက်တက်ကိုသာ မက်အက်တီး ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ခေတ်သစ်မှာ ယူနိုက်တက်၊ မန်စီးတီး နှစ်သင်းစလုံးမှာ ကစားတဲ့ ၁၅ ဦးမြောက်ကစားသမားဖြစ်လာနိုင်သလို ၂၀၁၂ ခုနှစ်တုန်းက ဖရီဒရစ်ဗက်ဆယ်လီနောက်ပိုင်း ၁၃ နှစ်အတွင်း မန်စီးတီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။