အငှားလွှတ်ထားတဲ့ ရပ်ရှ်ဖို့ဒ်နဲ့အန်တိုနီတို့ ပြန်လာမယ် သတင်းစကား ပါးလာတဲ့ နည်းပြ အမော်ရင်
လက်ရှိမှာ အက်စတွန်ဗီလာ၊ ဘက်တစ်အသင်းတွေမှာ အငှားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်နဲ့အန်တိုနီတို့ဟာ ရာသီကုန်ကျရင် အသင်းကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး သူတို့ရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုရှိတယ်လို့ အမော်ရင်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အမော်ရင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးတဲ့နောက် ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်မရတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ရောက်ရှိခဲ့ပြီး ၁၇ ပွဲကစားအပြီးမှာပဲ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
ပေါင်သန်း ၈၀ တန် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကတော့ ဒီရာသီမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အတွက် ဘက်တစ်အသင်းကို အငှားချခံခဲ့ရပြီး သူကလည်း လာလီဂါမှာ ခြေစွမ်းပြနေသလို လက်ရှိအချိန်အထိ ၁၈ ပွဲကစား၊ ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဘက်တစ်အသင်းကလည်း အန်တိုနီကို နောက်ထပ်တစ်ရာသီ အငှားစာချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ယူနိုက်တက်အသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အန်တိုနီကို လာမဲ့နွေရာသီကျရင် ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။
အခု အမော်ရင်က “အငှားချထားတဲ့ ကစားသမားတွေအားလုံး အသင်းကို ပြန်လာကြမှာဖြစ်ပါတယ်။ အဲဒီနောက် ရာသီကုန်မှ ဘယ်လိုစီစဉ်ရမလဲဆိုတာ ကလပ်အသင်းက စဉ်းစားဆုံးဖြတ်သွားမှာပါ . .”
“ရပ်ရှ်ဖို့ဒ်နဲ့အန်တိုနီတို့ဟာ အရည်အချင်းရှိတဲ့ကစားသမားတွေဖြစ်ပြီး သက်ဆိုင်ရာအသင်းတွေမှာ သူတို့ခြေစွမ်းပြနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတွေကို အငှားချတဲ့အခါ သူတို့ ပုံစံကောင်းပြသတာကို မြင်တွေ့ချင်တာကြောင့်ပါပဲ။ ဒါက ကျွန်တော်တို့အတွက်လည်း အကျိုးရှိစေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ထားတာကြောင့် ရပ်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ FA ဖလား ကိုင်မြှောက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိသလို အန်တိုနီကလည်း ဘက်တစ်အသင်းနဲ့ Conference League ဖလားရယူနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။