တစ်ယောက်လျော့ ဘုန်းမောက်ရဲ့ အဝေးကွင်းမှာ ကံကောင်းလို့ သရေ တစ်မှတ် ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘုန်းမောက်နဲ့ အဝေးကွင်းပွဲကတော့ ၁-၁ သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ယူနိုက်တက်ကစားသမားအများစုရဲ့ ပုံစံက ပရီးမီးယားလိဂ်ကစားရတာကို စိတ်မပါသလိုဖြစ်နေပြီး အမော်ရင်ဟာ အဲဒီကစားသမားတွေနေရမှာ လူငယ်တွေကို ပွဲထွက်သုံးဖို့ ပိုကောင်းပါတယ်။

လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဖရက်ဒရစ်ဆင်၊ အာမတ်စ်၊ ချီဒိုအိုဘီတို့ဟာ အရည်အချင်းရှိသလို ယူနိုက်တက် DNA ပြည့်ဝတဲ့ကစားသမားလေးတွေဖြစ်ပြီး အခု ဘုန်းမောက်နဲ့ပွဲ၊ ဒုတိယပိုင်းမှာ ချီဒိုအိုဘီ ဝင်လာပြီးနောက်ပိုင်းမှ ပယ်နယ်တီဧရိယာအတွင်း ယူနိုက်တက်တိုက်စစ်က အသက်ဝင်လာတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်လောက်ကလွဲရင် ကျန်တဲ့သူတွေက ဝတ်ကျေတန်းကျေထက် မပိုတဲ့ခြေစွမ်းပြသခဲ့သလို Aggressive ဖြစ်တဲ့ ကစားဟန် သိပ်မတွေ့ခဲ့ရပါဘူး။

ဥရောပဝင်ခွင့်တစ်နေရာရဖို့အတွက် မျှော်လင့်ချက်ရှိသေးတဲ့ ဘုန်းမောက်အသင်းဟာ အိမ်ကွင်းမှာ ၃ မှတ်အပြည့်ရဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်စစ်ကစားသမား အီဗန်နယ်လ်ဆင် အနီကတ်နဲ့အထုတ်ခံရလို့ ၁၀ ယောက်ကျန်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ယူနိုက်တက်ကို သရေတစ်မှတ်ခွဲပေးခဲ့ရတာဖြစ်ပါတယ်။

ဘုန်းမောက်အတွက် အဖွင့်ဂိုးကို ၂၃ မိနစ်မှာ အီဗန်နယ်လ်ဆင် ခင်းပေးတာကနေ ဆီမန်ညိုက အပိုင်ကန်သွင်းခဲ့ပြီး ဆီမန်ညိုဟာ ဂျော့ချ်ကင်း(၂၀၁၉-၂၀)၊ ဆိုလန်ကီ(၂၀၂၃-၂၄)တို့ပြီးရင် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ယူနိုက်တက်ဘက်ကို နှစ်ကျော့စလုံး ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဘုန်းမောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်ဘက်က ဂါနာချို အပိုင်အခွင့်အရေးတစ်ကြိမ်ရပေမဲ့ သူ့ရဲ့ကန်ချက်ကို ကီပါ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘုန်းမောက်အသင်း ဂိုးသွင်းခွင့်တွေရခဲ့ပြီး ပွဲအလှည့်အပြောင်းကတော့ မိနစ် ၇၀ မှာ ဖြစ်ပေါ်ခဲ့ပြီး အီဗန်နယ်လ်ဆင် ချော်လဲပြီးတော့ မက်ဇ်ယောင်အီကို ခြေစုံပစ်ဝင်သလိုဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ပီတာဘန့်ခ်က VAR ကြည့်ပြီး အီဗန်နယ်လ်ဆင်ကို အဝါကတ်အစား အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။

တစ်ယောက်အသာရသွားပြီးနောက်ပိုင်း ယူနိုက်တက်က ချေပဂိုးရဖို့ ဆက်တိုက်ဆိုသလို ဖိအားပေးကစားခဲ့တဲ့အတွက် ပွဲပြီးခါနီးမိနစ် ၂၀ အတွင်း ဂိုးပေါက်ကန်ချက် ၁၅ ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၉၆ မိနစ်မှာ ဟွိုင်လန်းက လမ်းကြောင်းပြောင်း ပိတ်သွင်းခဲ့တာကြောင့် ယူနိုက်တက်ချေပဂိုးရခဲ့ပြီး ဟွိုင်လန်းဟာ ၆ ပွဲဆက်တိုက် ဂိုးပျောက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်ချက် ၂၅ ကြိမ်အထိပြုလုပ်နိုင်တာကြောင့် ၂၀၁၀ အောက်တိုဘာလ အတွင်း နယူးကာဆယ်နဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်ကန်ချက် အများဆုံးပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။