လက်ကျန် ၄ ပွဲ ရုန်းပြီး ၂၁ ရာစုအတွင်း အဆိုးဆုံး မှတ်တမ်း တစ်ခု မရအောင် ကြိုးစားရမယ့် ယူနိုက်တက်
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရှုံးပွဲအများဆုံး စံချိန်ပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ထပ် စိတ်ပျက်စရာ မှတ်တမ်းဆိုးတစ်ခုနဲ့ ရင်မဆိုင်ရအောင် လက်ကျန် ၄ ပွဲမှာ အသည်းအသန် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး အမော်ရင်နဲ့အစားထိုးခဲ့ပေမဲ့ အသင်းရဲ့ရလဒ်တွေက အားရစရာမကောင်းသေးဘဲ ပရီးမီးယားလိဂ် ၃၄ ပွဲကစား၊ ၁၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီ ၃၄ ပွဲမှာ ယူနိုက်တက်အသင်းဟာ စုစုပေါင်း ၃၉ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် တန်းဆင်းသွားပြီဖြစ်တဲ့ အစ်ဆွစ်ချ်ထက် ၆ ဂိုးသာ ပိုများတာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ ယူနိုက်တက်အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ တစ်ရာသီအတွင်း သွင်းဂိုး ၅၀ နဲ့အောက် သွင်းယူနိုင်တာက ၁ ကြိမ်သာရှိခဲ့ဖူးပြီး ဒတ်ချ်နည်းပြကြီး ဗန်ဟားလ်လက်ထက် ၂၀၁၅-၁၆ ရာသီတုန်းက တစ်ရာသီလုံးမှာ ၄၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် အမော်ရင်နဲ့ယူနိုက်တက်အသင်းဟာ ၃၅ နှစ်အတွင်း အဆိုးရွားဆုံးမှတ်တမ်းနဲ့ ရင်မဆိုင်ရအောင် လက်ကျန် ပရီးမီးယားလိဂ် ၄ ပွဲမှာ ၁၁ ဂိုးအထိ သွင်းဖို့ လိုအပ်နေပါပြီ။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၉ ပွဲမှာ ၁၁ ဂိုးသာ သွင်းနိုင်တဲ့အတွက် လာမဲ့ ၄ ပွဲမှာ ၁၁ ဂိုးရဖို့က သိပ်တော့ မလွယ်ကူပါဘူး။
အမော်ရင် ဖြေရှင်းရမဲ့ ပြဿနာတွေထဲမှာ တိုက်စစ်ပိုင်းက အဓိကဖြစ်နေပြီး ဘုန်းမောက်နဲ့ပွဲတုန်းက တိုက်စစ်မှူးဟွိုင်လန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲကစားအပြီးမှ ၄ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဟွိုင်လန်းရဲ့ သွင်းဂိုးက အက်စတွန်ဗီလာအတွက် သွင်းခဲ့တဲ့ ရပ်ရှ်ဖိုဒ်ရဲ့ဂိုးအရေအတွက်နဲ့ တူညီနေပြီး ရပ်ရှ်ဖို့ဒ်ဟာ ဖေဖော်ဝါရီလ ၂ ရက်ကမှ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့တာဖြစ်သလို အသင်းအတွက် ပရီးမီးယားလိဂ် ၁၅ ပွဲသာ ကစားခဲ့ရပါသေးတယ်။
ဒဏ်ရာကြောင့်အနားယူနေရတဲ့ ဒီယာလို၊ ဇာ့ခ်ဇီတို့ နှစ်ဦးပေါင်းသွင်းဂိုးက ၉ ဂိုးသာရှိသလို ဂါနာချိုက ၅ ဂိုး၊ ဘရူနိုဖာနန်ဒက်စ်က ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ကြပါတယ်။