ပြောင်းရွှေ့ကြေး မပေးချင်ပေမယ့် ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ ထပ် စိတ်ဝင်စားနေပြန်တဲ့ ဘာစီလိုနာ

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ နွေရာသီကျရင် မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ အထိ ပေးချေဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ အမော်ရင်နဲ့ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးတဲ့နောက် အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၇ ပွဲကစား၊ ၄ ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ဟာ တံကောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်နေရပြီး ခွဲစိတ်စရာ မလိုပေမဲ့လည်း ရာသီကုန်အထိ အနားယူရဖို့ရှိနေလို့ အက်စတွန်ဗီလာအတွက် ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

အက်စတွန်ဗီလာနဲ့အငှားစာချုပ်ပြည့်ပြီး ယူနိုက်တက်ကို ပြန်ရောက်တဲ့အခါကျရင် ရပ်ရှ်ဖို့ဒ်က သူ့အနာဂတ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုသွားမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို အငှားခေါ်ခဲ့တုန်းက စာချုပ်ထဲမှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်ပါတယ်။

အခု ဗြိတိန်သတင်းစာ The iPaper က ဘာစီလိုနာအသင်းဟာ လာလီဂါကို ပြောင်းရွှေ့ချင်နေတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့ ကမ်းလှမ်းသွားမှာဖြစ်ပေမဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ အထိ ပေးဖို့ ဆန္ဒမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ရပ်ရှ်ဖို့ဒ်ကို အငှားခေါ်ဖို့ စိတ်ဝင်စားခဲ့ဖူးပေမဲ့ သူ့ရဲ့လစာ ပေါင် ၃၂၅,၀၀၀ ကို မပေးနိုင်တာကြောင့် လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတာကြောင့် ယူနိုက်တက်မှာ ဆက်ကစားဖို့ ရာခိုင်နှုန်းနည်းနေသလို အမော်ရင်ကလည်း နွေရာသီကျရင် ကစားသမားသစ်ခေါ်ယူဖို့အတွက် ရပ်ရှ်ဖို့ဒ်ကို ရောင်းချသွားဖို့ စီစဉ်နေပါတယ်။