ဆော်ဒီဘက်က စိတ်ဝင်စားခံနေရတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သတ်ပြီး ရူဘင်အေမိုရမ် သဘောထား

ယူနိုက်တက်နည်းပြ ရူဘင်အေမိုရမ်က ဆော်ဒီမှ စိတ်ဝင်စားခြင်းခံနေရတဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်အား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားလာပါတယ်။

ဖာနန်ဒက်စ်ရဲ့ လက်ရှိ စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင်မှ ကုန်ဆုံးမှာ ဖြစ်ပေမဲ့လည်း ဆော်ဒီထိပ်သီး Al Hilal ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

Al Hilal ဟာ ဘရူနိုဖာနန်ဒက်စ်ကို လာမယ့်လ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ မက်လောက်စရာလုပ်ခဖြင့် ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။

ရူဘင်အေမိုရမ်ဟာ နွေရာသီတွင် အသင်းကို ပြန်လည်တည်ဆောက်ရေးအတွက် ကစားသမားဖြည့်တင်းရန် ကစားသမားရောင်းချမှု ပြုလုပ်ရပါတယ်။

တကယ်လို့များ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ချန်ပီယံမဖြစ်ဘဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သာ မရခဲ့ပါက ကစားသမားခေါ်ယူအားဖြည့်ရေး ပိုမိုခက်ခဲလာပါမယ်။

အေမိုရမ်က “ကျွန်တော်တို့ရဲ့ စိတ်ကူးမပြောင်းလဲပါဘူး။ အကောင်းဆုံးကစားသမားတွေကို ဆက်ထိန်းထားချင်ပါတယ်။ ပြီးတော့ ဘရူနိုက ကမ္ဘာ့ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဆိုတာ ရှင်းရှင်းလေးပါ။ ဘရူနိုကို ဒီမှာ ရှိစေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီတွင် ၁၉ ဂိုးသွင်းကာ ၁၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။

ဆက်လက်ပြီး အေမိုရမ်က “ကိန်းဂဏန်းတွေကြောင့်သာမဟုတ် သူကစားပုံ၊ ဒီကလပ်မှာ ငါးနှစ်ကြာ အရေးပါလာမှုက ကြည့်ရင် သူက အသင်းအတွက် အရမ်းပါသူဆိုတာ အလွယ်တကူပဲ သိနိုင်ပါတယ်။ ဘရူနိုလို ကစားသမားမျိုးကို ကလပ်တွေ အများကြီး လိုချင်တယ်ဆိုတာ သာမန်ပါ။

သူက ခေါင်းဆောင်တစ်ဦးပါ။ ပြီးတော့ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီတော့ သူက အရမ်းအရေးပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ထိပ်တန်းကစားသမားတွေ လိုအပ်တယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ စပိန်တွင် ကစားတဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့တုန်းက ဘီလ်ဘာအိုအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

၎င်းတို့ဟာ ကြာသပတေးနေ့မှာ အိုးထရက်ဖို့ဒ်ကွင်းတွင် ဘီလ်ဘာအိုအား ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ဧည့်ခံကစားရပါမယ်။

ဥရောပပြိုင်ပွဲသမိုင်းတွင် အဝေးကွင်းပထမအကျော့တွင် ၃-၀ ဂိုးနှင့်အထက်ဖြင့် အနိုင်ရထားတဲ့အကြိမ် ၁၃၃ ကြိမ်တွင် ၁၃၃ ကြိမ်လုံး အနိုင်ရတဲ့အသင်းကပင် နောက်တစ်ဆင့်သို့ တက်ထားပါတယ်။

ဒါ့အပြင် ဘီလ်ဘာအိုရဲ့ အဓိကကျတဲ့ တိုက်စစ်သမားများဖြစ်ကြတဲ့ အိုင်နီကာနှင့် နီကိုဝီလီယံညီနောင်အပြင် အိုဟန်ဆန်ဆက်တို့မှာလည်း အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။