ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ရင် ရမယ့် ဆုကြေးထက် အရေးကြီးတဲ့ အရာ ရှိကြောင်း ရူဘင်အေမိုရမ် ပြောဆို
ရူဘင်အေမိုရမ်က ယူနိုက်တက်အတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်မှုကြောင့် ရရှိလာမဲ့ ငွေကြေး အကျိုးအမြတ်ထက် ယုံကြည်မှုက ပိုမို အရေးကြီးကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ကြာသပတေးနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘီလ်ဘာအိုကို ၄-၁ ဖြင့် ထပ်မံ အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၇-၁ ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးစ်နှ့င့် ရင်ဆိုင်ကစားရပါမယ်။
ယူနိုက်တက်ဟာ စပါးစ်ကို အနိုင်ရရှိကာ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာပါက လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှာ ဖြစ်ပြီး ဝင်ငွေပေါင်သန်း ၁၀၀ အထိ ရရှိလာပါမယ်။
ဒါပေမဲ့ အေမိုရမ်က “ငွေက အရေးအကြီးဆုံးအရာ မဟုတ်ပါဘူး။ ဆုဖလား တစ်လုံး ရယူတယ်ဆိုတာ နည်းပြတစ်ဦးက ခံစားချက်တစ်ခု ယူဆောင်လာတာပါ။ ကောင်းတာတွေ လုပ်လာနိုင်မဲ့ ခံစားချက်ပါ။ ပရိသတ်တွေအတွက် တခုခု ပေးနိုင်လာပါမယ်။ လာမယ့် ရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရရုံသာမက ခံစားချက်လည်း ပေးလာနိုင်ပါမယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်တွင် ဘီလ်ဘာအိုရဲ့ ၁-၀ ဖြင့် ဦးဆောင်ခြင်းခံခဲ့ရပြီးနောက် မေဆင်မောင့်ရဲ့ ၂ ဂိုး၊ ကက်စ်မီရို၊ ဟွိုင်းလန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် အန့်ပိုစတီကိုဂလူရဲ့ စပါးစ်အား ၃ ကြိမ် ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။
တဖက်တွင် အန့်ပိုစတီကိုဂလူမှာလည်း ယူရိုပါလိဂ်ဖလား မဆွတ်ခူးနိုင်ပါက စပါးစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမဲ့ အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အေမိုရမ်က “နှစ်သင်းလုံးက သေလျှင်မြေကြီး ရှင်လျှင် ရွှေထီးဆိုပြီး အစွမ်းကုန် ကစားကြပါလိမ့်မယ်။ နည်းပြတွေရဲ့အခြေအနေကလည်း ဒီအတိုင်းပါပဲ။ အန့်က ဒီအလုပ်(စပါးစ်)ကို လုပ်လာတာ တစ်နှစ်ကျော်ပါပြီ။ ဒါပေမဲ့ နှစ်ဦးလုံး ရုန်းကန်နေရတယ်။ ဒါက ကောင်းတဲ့အရာပါ”လို့ ပြောကြားသွားပါတယ်။