နည်းပြ အမော်ရင် ကြောင့် ပြောင်းလဲသွားဖွယ် ရှိတဲ့ ကတ်စ်မဲရိုး ရဲ့ အနာဂတ်

နည်းပြ အမော်ရင်ရဲ့နေရာပြန်ပေးမှုနဲ့အတူ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိ ဆက်ကစားသွားဖို့ရှိနေပါပြီ။

ကတ်စ်မဲရိုးဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် လာမဲ့နွေရာသီကျရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ကတ်စ်မဲရိုးဟာ ခြေစွမ်းပြန်ပြနေပြီး ဘီလ်ဘာအိုနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်ခဲ့သလို ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ အမော်ရင်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ သူ့ကစားသမားတွေနဲ့ အနီးကပ် ပူးပေါင်းအလုပ်,လုပ်နေပြီး အသင်းကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကတ်စ်မဲရိုးက အဓိကနေရာကနေ ပါဝင်နေတယ်လို့ ယူဆနေပါတယ်။

ကတ်စ်မဲရိုးရဲ့ အတွေ့အကြုံကောင်းတွေနဲ့ နေရာစုံကစားနိုင်တဲ့အရည်အချင်းတွေအရ ယူနိုက်တက်အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့အတွက် အရေးပါတဲ့သူဖြစ်လာနိုင်တယ်လို့ အမော်ရင်က ယုံကြည်ထားပါတယ်။
ကတ်စ်မဲရိုးကို မေဂျာလိဂ်နဲ့ ဆော်ဒီကလပ်တွေက ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်အသင်းဟာ ကတ်စ်မဲရိုးကို ဆက်ထိန်းထားဖို့ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရတော့မှာပါ။

ကတ်စ်မဲရိုးသာ မေဂျာလိဂ်နဲ့ ဆော်ဒီလိဂ်တွေကို ပြောင်းရွှေ့ဖြစ်ရင် အခုထက် ပိုပြီးတော့ မြင့်မားတဲ့လစာငွေရဖို့ရှိပေမဲ့လည်း သူက အင်္ဂလန်မှာ ပျော်ရွှင်နေပြီဖြစ်သလို သူ့ကစားသမားဘဝကို ထိပ်တန်းအဆင့်တစ်ခုမှာပဲ အဆုံးသတ်သွားဖို့ ဆန္ဒရှိနေပါတယ်။

၂၀၂၂ ခုနှစ်က ရီးယဲလ်ကနေ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ပြောင်းရွှေ့ခဲ့သူ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၃၇၅,၀၀၀ အထိရရှိနေပြီး အသင်းရဲ့လစာငွေအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။