ယူနိုက်တက်ထံ စပါယ်ရှယ် ဝမ်း မော်ရင်ဟို တကျော့ပြန် ပြန်လာနည်းပြဖို့ ရေပန်းစားနေ
ပေါ်တူဂီနာမည်ကျော်နည်းပြကြီးမော်ရင်ဟိုဟာ အမော်ရင်ရဲ့နေရာမှာ အစားထိုးခံရဖို့ အံ့အားသင့်စရာ ရေပန်းစားနေပါတယ်။
နိုဝင်ဘာလတုန်းက အဲရစ်တန်ဟက်နေရာမှာ အစားဝင်ခဲ့သူ အမော်ရင်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ပြီးတဲ့နောက် ဒီရာသီ အိမ်ကွင်းမှာ ၉ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းခဲ့ရတဲ့ ၁၉၃၀-၃၁ နဲ့ ၁၉၆၂-၆၃ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲမှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ လက်ကျန် ၂ ပွဲသာ လိုတော့ချိန်မှာ ယူနိုက်တက်အသင်းဟာ ၃၉ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး အမော်ရင်က လက်ရှိအခြေအနေဆိုးတွေကို အမြန်ဆုံး မပြောင်းလဲပစ်နိုင်ရင် နည်းပြရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးခဲ့ပါတယ်။
တကယ်လို့ အမော်ရင်သာ ယူနိုက်တက်နဲ့လမ်းခွဲဖြစ်ရင် နည်းပြသစ်ဖြစ်လာဖို့ ဘွတ်ကီတွေရဲ့ အလေးပေးချက်ထဲမှာ မော်ရင်ဟိုက ထိပ်ဆုံးနေရာကနေ ရေပန်းစားနေတာဖြစ်ပါတယ်။
Betfair ရဲ့ အလေးပေးချက်အရ မော်ရင်ဟိုဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်ဖို့ ၄ လေး/၁ လေးနဲ့ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သူ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ၂၀၁၆ မေလကနေ ၂၀၁၈ ဒီဇင်ဘာလအထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။
ဘွတ်ကီတွေရဲ့ အလေးပေးချက်မှာ မော်ရင်ဟို ရေပန်းစားနေပေမဲ့လည်း ယူနိုက်တက်အသင်းပိုင်ရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်ကတော့ ယူနိုက်တက်နဲ့မော်ရင်ဟိုတို့ရဲ့ အတိတ်က ဇာတ်လမ်းတွေအရ မော်ရင်ဟိုကို နည်းပြပြန်ခန့်ဖို့ ဖြစ်နိုင်ခြေနည်းနေတယ်လို့ ဗြိတိန်သတင်းစာ The Sun က သုံးသပ်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့နောက်မှာ ယူနိုက်တက်လက်ထောက်နည်းပြဟောင်းဖြစ်သူ လက်ရှိအစ်ဆွစ်ချ်အသင်းကို,ကိုင်တွယ်နေတဲ့ မက်ကန်နာ၊ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်တို့က ယူနိုက်တက်နည်းပြဖြစ်လာဖို့ အပြိုင်ရေပန်းစားနေကြပါတယ်။