လီဗာပူး အနိုင်ရပြီး စီးတီး အနီထိ ရှုံးပွဲတွေ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲများ အပြီး ယနေ့ နံနက်ခင်း သတင်းများ

လီဗာပူးအသင်းကတော့ ညက အုပ်စုနောက်ဆုံး ပွဲမှာ အမှတ်မလိုတော့ပေမယ့် အေစီမီလန်ကို ၂-၁ နဲ့ အနိုင် ရသွားခဲ့ပါတယ်။ မရဏ အုပ်စုကြပ်မှာ ကျရောက်ပေမယ့် လီဗာပူးက အုပ်စုပွဲတိုင်း နိုင်ခဲ့သလို ချန်ပီယံ အုပ်စုပွဲ အကုန် နိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်း အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။

အေဂျက်ဇ်တိုက်စစ်မူှး ဟယ်လာကတော့ ၂၀၁၇-၁၈ ရာသီက စီရော်နယ်ဒို ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အေဂျက်က ညကပွဲမှာ စပို့တင်းကို ၄-၂ နဲ့ နိုင်ခဲ့တာပါ။

လိုက်ပဇစ်နဲ့ပွဲက အနီကတ်နဲ့ ပတ်သက်ပြီး မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာအနေနဲ့ အသိစိတ် လွတ်သွားခဲ့ပုံ ရကြောင်း အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်က သုံးသပ်ခဲ့ပါတယ်။

ဝေါ်လ်ကာအနေနဲ့ သူ့စွမ်းရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေမှာ မဟုတ်ကြောင်း၊ ဒါက လူသားဆန်တဲ့ အမှားဆိုပေမဲ့ မန်စီးတီးအတွက်တော့ ပေးဆပ်မှုကြီးမားခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်ကတော့ ယန်းဘွိုင်းစ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ မာတစ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ရန်နစ်ဟာ အဆိုပါပွဲမှာ အဓိက ကစားသမားတွေကို အနား ပေးသွားဖွယ် ရှိနေပြီး မန်ယူအသင်းခေါင်းဆောင် ဖြစ်ရတဲ့အပေါ် ဂုဏ်ယူမိကြောင်း မာတစ်က ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မူှး အမ်ဘာပေကတော့ ဘရုဂျက်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်သွင်းဂိုး ၃၀ ပြည့် သွားခဲ့ပါတယ်။ ဒါကြောင့် အမ်ဘာပေ (၂၂ နှစ်၊ ၃၅၂ ရက်)ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုး၃၀ ပြည့်မြောက်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့က အေစီနဲ့ပွဲစဉ်ဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း၊ အသင်းရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်ဖွယ်ကောင်းခဲ့ပြီး ကစားသမားတွေနဲ့ပတ်သက်ပြီး ဂုဏ်မယူနိုင်ဘဲမနေနိုင်ကြောင်း၊ ဒီနေ့ပွဲမှာ ကောင်းကွက် တော်တော်များများကို တွေ့မြင်ခဲ့ရကြောင်းဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်က သူ့အနေနဲ့ အဲဗာတန်ကို အရေးနိမ့်ခဲ့မှုအတွက် စိတ်ပျက်ရကြောင်း၊ သူတို့ အသင်းဟာ လိုချင်တဲ့ ပုံစံကို ပြသနိုင်ခြင်း မရှိခဲ့ကြောင်း၊ ပွဲချိန်အတွင်း ဘာဖြစ်သွားသလဲဆိုတာအတိအကျပြောဖို့ခက်ပြီး ဒီထက်ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်သင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လက်စတာနည်းပြ ရော်ဂျာက ဒီရာသီမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အီနာချိုအနေနဲ့ အခွင့်အရေးရလာမှာဖြစ်ကြောင်း၊ အီနာချိုဟာ လေ့ကျင့်ခန်း အကောင်းဆုံးဆင်းနေပြီး ကြိုးပမ်းလျက် ရှိနေကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူရူဒီဂါအနေနဲ့ လာမဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်ကိုပြောင်းရွှေ့ဖို့ အလွတ်သဘောနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားပါတယ်။ အသက် ၂၈ နှစ်အရွယ် ရူဒီဂါအနေနဲ့ ချဲလ်ဆီးနဲ့ လစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။