ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို အပြတ်ရောင်းမှာ ဆိုပေမယ့် ဝယ်ဖို့ ခုထိ မသေချာသေးတဲ့ ဗီလာ အခြေအနေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နာမည်ကျော်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အခုနွေရာသီအတွင်း ပေါင်သန်း ၄၀ နဲ့ ရောင်းချသွားမှာဖြစ်ပေမဲ့ အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ပထမဦးစားပေးစာရင်းထဲမှာ မပါဝင်ပါဘူး။
အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ဇန်နဝါရီက အငှားနဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်ကျရင် ပေါင်သန်း ၄၀ နဲ့ အပြီးသတ်စာချုပ်ခွင့်ရှိနေပါတယ်။
ဒါပေမဲ့လည်း တကယ်လို့သာ ယူနိုက်တက်နဲ့ ရပ်ရှ်ဖို့ဒ်တို့ဘက်က လက်ခံမယ်ဆိုရင် အက်စတွန်ဗီလာအပြင် တခြားကလပ်အသင်းတွေကလည်း အဲဒီပမာဏပေးပြီးတော့ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လာမဲ့ဇူလိုင်အစပိုင်းကျရင် အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်ဖို့အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လာမှာပါ။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်းနည်းပြအဖြစ် အမော်ရင် ရှိနေသမျှကာလပတ်လုံး ရပ်ရှ်ဖို့ဒ်ဟာ အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ မရှိတော့တာကြောင့် ယူနိုက်တက်နဲ့လမ်းခွဲလိုက်တာက ရပ်ရှ်ဖို့ဒ်အတွက်သာမက ယူနိုက်တက်အသင်းအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်တယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တစ်ပတ်လစာ ပေါင် ၃၁၅,၀၀၀ အထိရနေတဲ့ ရပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်သွားမှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းမှာ အငှားနဲ့ကစားနေချိန်အတွင်း ရပ်ရှ်ဖို့ဒ်ရဲ့လစာငွေထဲက ၇၅ % ကိုသာ အက်စတွန်ဗီလာအသင်းက ပေးချေရတာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရပ်ရှ်ဖို့ဒ်ဟာ အသင်းပြောင်းဖြစ်မယ်ဆိုရင်တောင် ယူနိုက်တက်မှာ ရရှိနေတဲ့ လစာငွေ ပမာဏထက် လျှော့ယူသွားဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ရပ်ရှ်ဖို့ဒ်ကို အပြီးသတ် မရောင်းဖြစ်ရင် နောက်တစ်ကြိမ် အငှားထပ်ချသွားဖို့လည်း ဖြစ်နိုင်ခြေရှိပါတယ်။