ယူနိုက်တက် ရဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရနေတဲ့ ဂါဘရီရယ်

ဂျေဂျေဂါဘရီရယ်ဟာ ယူနိုက်တက်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာမဲ့သူအဖြစ် ယူနိုက်တက်အတွင်းလူများရဲ့ ထင်ကြေးပေးခြင်းခံနေရပါတယ်။

လာမယ့်အောက်တိုဘာလတွင်မှ အသက် ၁၅ နှစ်ပြည့်လာမဲ့ ဂါဘရီရယ်ဟာ ယူနိုက်တက်တွင် လူပြောသူပြောအများဆုံး လူငယ်ကစားသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ ဂါဘရီရယ်ရဲ့ ကစားသမားဘဝကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ခေါင်းချင်းဆိုင် ဆွေးနွေးကြပါတယ်။

တဖက်တွင် ယူနိုက်တက်တာဝန်ရှိသူများက ဂါဘရီရယ်ကို လာမယ့်ရာသီမှာ ကလပ်အတွက် ပထမဆုံးပွဲကစားခွင့်ရရှိပြီး ကလပ်သမိုင်းတွင် အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာမယ်လို့ ယုံကြည်နေကြပါတယ်။

လက်ရှိ ယူနိုက်တက်သမိုင်းတွင် အသက်အငယ်ဆုံးကစားသမားအဖြစ် ဂိုးသမားဒေးဗစ်ဂက်စ်ကေးလ်က ၁၉၅၆ ခုနှစ်တုန်းက အသက် ၁၆ နှစ်နှင့် ၁၉ ရက်ဖြင့် ပွဲကစားခွင့် ရရှိကာ သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် ဂါဘရီရယ်ဟာ လာမယ့် ရာသီတွင် ယူနိုက်တက်ရဲ့ ဖလားပြိုင်ပွဲတစ်ခုခုတွင် ကစားခွင့် ရရှိပြီး သမိုင်းမှတ်တိုင်စိုက်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

အသက် ၁၅ နှစ်မပြည့်သေးတဲ့ ဂါဘရီရယ်ဟာ ယူနိုက်တက်ယူ-၁၈ အသင်းမှာ ကစားခွင့်ရနေပါတယ်။

သူဟာ ယူနိုက်တက်ယူ-၁၈ အသင်းမှာလည်း ကြည့်ရှုရသူအားလုံးကို အံ့ဩမင်သက်အောင် လုပ်ပြနေပါတယ်။
သူဟာ လိဒ်ယူ-၁၈ အသင်းကို ၁၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ၂၅ မိနစ်အတွင်း ၂ ဂိုးသွင်းခဲ့သလို စတုတ်စီးတီးယူ-၁၈ ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂါဘရီရယ်ဟာ အင်္ဂလန်ယူ-၁၅ အသင်းမှာလည်း ကစားခွင့်ရထားပြီး ဖြစ်သလို Nike နှင့်လည်း ဖိနပ်စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။

သူ့ကို ထိပ်တန်းကင်းထောက်သမားဒေ့ဗ်ဟာရီဆင်က ရှာဖွေတွေ့ရှိကာ ယူနိုက်တက်အကယ်ဒမီသို့ ခေါ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်ဟာ အကယ်ဒမီမှ ကစားသမားများကို ပထမအသင်းမှာ အခွင့်အရေးများ ပေးနေသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီမှ အသက် ၁၇ နှစ်ရှိ ချီဒိုအိုဘီ၊ အသက် ၁၈ နှစ်ရှိ အေဒန်ဟဲဗင်း၊ အသက် ၁၈ နှစ်ရှိ ဟယ်ရီအေမက်စ်တို့ ပထမအသင်းမှာ ကစားခွင့်ရထားကြပါတယ်။

အေမက်စ်ဟာ ယူနိုက်တက်ပထမအသင်းမှာ ပုံမှန်ပါဝင်ခွင့်ရနေပြီး နောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲတွင် ၅ ပွဲကစားခွင့်ရထားပါတယ်။ သူဟာ ယူရိုပါလိဂ်မှာလည်း ၂ ပွဲကစားခွင့်ရထားသလို ဗုဒ္ဓဟူးနေ့ စပါးစ်နှင့် ဗိုလ်လုပွဲအတွက် လူစာရင်းမှာလည်း ပါဝင်လာဖို့ ရှိပါတယ်။