မက်ဆီအကြောင်း မကောင်းပြောခဲ့တယ်ဆိုတာ မဟုတ်ပါဘူးလို့ လီဝန်ဒေါစကီး ဖြေရှင်း
ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီးက သူ့ အနေနဲ့ ရွှေဘောလုံးဆု ကို မရရှိခဲ့မှုအတွက် ဝမ်းနည်း ခဲ့မိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့ပေမယ့်လို့ ဆုပေးပွဲညက စင်မြင့်ထက် မှာ သူ နဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ မှတ်ချက်ဟာ အနှစ် မပါတဲ့ စကားလုံးတွေ ဖြစ်တယ်လို့ သူပြောဆိုခဲ့ကြောင်း မီဒီယာတွေရဲ့ ဖော်ပြမှုကတော့ အဓိပ္ပာယ်ကောက် လွဲမှားခြင်းပဲဖြစ်တယ်လို တုန့်ပြန်ခဲ့တယ်။
လီဝန်ဒေါ့စကီး ဟာ ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲ မှာ မက်ဆီ ကို မဲ အရေအတွက် ၃၃ မဲ နဲ့ နောက်ကောက်ကျ ခဲ့ပါတယ်။ မက်ဆီ ကတော့ ဒီရွှေဘောလုံး ဆုကို ၇ ကြိမ်မြောက် ရယူ ဆွတ်ခူး သွားနိုင် ခဲ့ပြီး စင်မြင့်ထက်ကနေ လီဝန်ဒေါ့စကီး ကို ရွှေဘောလုံး တဆု ပြန်ပေး သင့်ကြောင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးက “ ပိုလန် ရုပ်သံအင်တာဗျုးမှာ ကျွန်တော်ရဲ့ ပြောဆိုမှုကို နားလည်မှုတွေ လွဲခဲ့ပုံရပါတယ်။ ကျွန်တော်က မက်ဆီရဲ့ စကားလုံးတွေက ရိုးသားမှု မရှိဘူး၊ စိတ်ခံစားချက် မပါဘူးလို့ ပြောတာ မဟုတ်ပါဘူး။
ပဲရစ်ည ဆုပေးပွဲမှာ ကျွန်တော်နဲ့ ပတ်သက်ပြီး မက်ဆီ ပြောခဲ့တဲ့ စကားကို အရမ်း ခံစားရသလို ဝမ်းသာမိပါတယ်။ မက်ဆီက ကျွန်တော်ဟာ ၂၀၂၀ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ကျွန်တော်ကလည်း တကယ်လို့ သူသာ စိတ်ရင်းအမှန်နဲ့ ပြောခဲ့တယ်ဆိုရင် အရမ်းကို ဝမ်းသာမိမှာပါလို့ ပြန်ပြီး ဖွင့်ဟခဲ့တာပါ။ မက်ဆီကို ကျွန်တော် လေးစားပါတယ်။ သူရတဲ့ ရွှေဘောလုံးဆု အတွက်လည်း နောက်တကြိမ် ဂုဏ်ပြုလိုပါတယ် ” လို့ ပြန်ဖြေရှင်းခဲ့ပါတယ်။