တပတ်လုပ်ခ ၇ သိန်းနဲ့ ကမ်းလှမ်းခံထားရတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဒီရက်ပိုင်းတွင်း ဆုံးဖြတ်မည်

ဆော်ဒီ ပရိုလိဂ်ကလပ် Al Hilal က အသင်းကတော့ ၎င်းတို့ ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ ဘရူနိုဖာနန်ဒက်စ်အနေဖြင့် ကမ်းလှမ်းမှုအား လာမယ့်အပတ်တွင် ဆုံးဖြတ်စေလိုနေပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့တုန်းက စပါးစ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ကလပ် ဘက်ကသာ ငွေအတွက် သူ့ကို ရောင်းချလာမည်ဆိုပါက လက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Al Hilal ဟာ ယခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင်‌ ဆော်ဒီသို့ စူပါစတားတစ်ဦး ခေါ်ယူလိုနေပြီး အသက် ၃၀ နှစ်ရှိ ဘရူနိုဖာနန်ဒက်စ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အပြင် တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ တန် စာချုပ်ကမ်းလှမ်းလာဖို့ ရှိပါတယ်။

ဒါပေမဲ့ Al Hilal ဟာ လာမယ့်လတွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ဘရူနိုဖာနန်ဒက်စ်ဘက်က အနာဂတ်အား ရက်ပိုင်းအတွင်း ဆုံးဖြတ်ရန် ပြောကြားထားပါတယ်။

ယူနိုက်တက်ဟာ ကလပ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်အား အသင်းတွင်း ဆက်ထိန်းထားလိုနေပါတယ်။

ဒါပေမဲ့ ၎င်းတို့ဟာ လာမယ့်ရာသီတွင် ဥရောပပြိုင်ပွဲ မယှဉ်ပြိုင်ရမှုနှင့်အတူ ငွေကြေး ခက်ခဲလာမှာ ဖြစ်လို့ ဘရူနိုဖာနန်ဒက်စ်အား ရောင်းချလာနိုင်ပါတယ်။

၎င်းတို့ဟာ အခြားကလပ်သို့ အငှားချထားတဲ့ မားကပ်စ်ရက်ဖို့ဒ်၊ ဂျာဒွ့န်ဆန်ချို၊ အန်တိုနီတို့ကို ရောင်းချရန် သေချာနေပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ အကယ်ဒမီထွက်ကစားသမားများဖြစ်ကြတဲ့ ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုတို့ကိုလည်း ရောင်းချရန် စီစဉ်ထားပါတယ်။

မိုင်နူးနှင့် ဂါနာချိုတို့မှာ အကယ်ဒမီထွက် ကစားသမားများဖြစ်ရာ ယူနိုက်တက်အနေဖြင့် ၎င်းတို့အား ရောင်းချမှုမှ ရရှိတဲ့ ငွေကို အမြတ်အဖြစ် သတ်မှတ်နိုင်ပါတယ်။