အာရှထိ လာကာ အရှုံးထပ်ပေးသွားပြန်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ သမိုင်းတွင်သွားတဲ့ မောင်မောင်လွင်

မနေ့ညက မလေးရှားမှာ ကစားခဲ့တဲ့ အာဆီယံ All-Stars အသင်းနဲ့ခြေစမ်းပွဲမှာ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁-၀ ဂိုးနဲ့ အရှက်ရစရာ ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ် မလေးရှားမှာ ခြေစမ်းခရီးစဉ် လာရောက်ကစားခဲ့ပြီး Maybank Challenge Cup ပွဲအဖြစ် အာဆီယံ All-Stars အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အခု Maybank Challenge Cup ပွဲမှာလည်း မြန်မာလက်ရွေးစင်ကစားသမား မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ပြန်ပါတယ်။

အခုပွဲကို ပရိသတ် ၇၀၀၀၀ နီးပါး လာရောက်အားပေးခဲ့ကြပြီး အများစုက ယူနိုက်တက်ပရိသတ်တွေဖြစ်သလို သူတို့ ကြိုက်တဲ့ ကစားသမားတွေကို ကိုယ်တိုင်ကြည့်ခွင့်ရဖို့ ကွင်းထဲအထိ အားပေးခဲ့တာဖြစ်ပါတယ်။

အမော်ရင်ဟာ ပွဲထွက်လူစာရင်းမှာ လူငယ်လေးတွေဖြစ်တဲ့ မော်ဟောက်စ်၊ မွန်ရိုးတို့ကလွဲရင် အိုနာနာ၊ ဟွိုင်လန်း၊ မက်ဂွိုင်းယား၊ ကိုဘီမင်နူး၊ ဒါလော့တ်၊ အူဂါတေ၊ ဒေါ်ဂူ၊ ကတ်စ်မဲရိုးတို့လို အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်း ယူနိုက်တက်တို့ ဂိုးသွင်းခွင့်တွေရခဲ့ပြီး ပွဲအစ ၃ မိနစ်လောက်မှာပဲ ကိုဘီမင်နူးရဲ့ကန်ချက်ကို ဂိုးသမားကာကွယ်နိုင်ခဲ့သလို နောက်တစ်ကြိမ်အခွင့်အရေးကလည်း ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အမော်ရင်က ပွဲထွက်ကစားသမားတွေကို လူစားလဲပြီးတော့ ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချို၊ ဒီယာလိုတို့ကို အသုံးပြုခဲ့ပါတယ်။

အာဆီယံ All-Stars အသင်းအတွက် အနိုင်ဂိုးကို ၇၁ မိနစ်မှာ ဆီဂီဆစ် လှလှပပ ထိုးပေးတာကနေ မောင်မောင်လွင်က ပိတ်သွင်းခဲ့ပြီး မောင်မောင်လွင်ဟာ ယူနိုက်တက်ကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံး မြန်မာဘောလုံးသမားဖြစ်လာပါတယ်။

ယူနိုက်တက်အသင်း ချေပဂိုးရဖို့ ကြိုးစားပေမဲ့ အာဆီယံ All-Stars အသင်းကတောင် ဒုတိယဂိုးရနိုင်တဲ့ အနေအထား ဖြစ်ခဲ့ပြီး ပွဲအပြီးမှာတော့ ယူနိုက်တက်တို့ မလေးရှားမြေမှာ စိတ်ပျက်စရာ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကို ရလဒ်ဆိုးတွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ အင်္ဂလန်အပြင်ထွက်ကစားတော့လည်း နိုင်ပွဲမရဘဲ ပရိသတ်တွေကို အခုအထိ စိတ်ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။