ဘရူနိုဖာနန်ဒက်စ် ထွက်ရင် အစားထိုးဖို့ သန်း ၇ဝ တန် ကွင်းလယ်လူ ကို အမော်ရင် ရည်ရွယ်ထား
မန်ချက်စတာယူနိုက်တက် နည်းပြ အမော်ရင်ဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သာ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ပတ်ဒရိုဂွန်ကယ်လ်ဗက်စ်ကို ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းက ကြိုးပမ်းနေပြီး တစ်ပတ်လစာ ပေါင် ၇၀၀,၀၀၀၊ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းဖို့ အသင့်ရှိသလို ဘရူနိုဖာနန်ဒက်စ်ကို ၃ နှစ်စာချုပ်,ချုပ်ဆိုဖို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ နည်းပြအမော်ရင်တို့ဟာ သူတို့ရဲ့အသင်းခေါင်းဆောင်ကို ဆက်ထိန်းထားချင်ပေမဲ့လည်း အသက် ၃၁ နှစ်ပြည့်တော့မဲ့ ကစားသမားတစ်ဦးအတွက် ပေါင်သန်း ၁၀၀ အထိ ပြောင်းရွှေ့ကြေးရမယ်ဆိုတာက မက်လောက်စရာဖြစ်နေသလို ဘရူနိုဖာနန်ဒက်စ်အတွက်လည်း အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် မြင့်မားတဲ့လစာငွေခံစားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဟာ ရီယက်ဒ်မြို့က ဟိုတယ်တစ်ခုမှာ အယ်လ်ဟီလယ်အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ကိစ္စဆွေးနွေးမှုက အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိ၊ မရှိနဲ့ပတ်သက်ပြီး သောကြာနေ့ နောက်ဆုံးထားပြီးတော့ အဖြေပေးဖို့ ဘရူနိုဖာနန်ဒက်စ်ကို တောင်းဆိုထားသလို အခု အဲဒီ သတ်မှတ်ထားတဲ့ရက် ကျော်လွန်သွားပြီဖြစ်ပေမဲ့ ဘယ်လိုရလဒ်ထွက်ပေါ်လာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တကယ်လို့ ဘရူနိုဖာနန်ဒက်စ်ကိုသာ လက်လွှတ်ရမယ်ဆိုရင် ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဂွန်ကယ်လ်ဗက်စ်ကို ကြိုးပမ်းသွားဖို့ အသင့်ပြင်ထားပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဂွန်ကယ်လ်ဗက်စ်ဟာ ဝုလ်ဗ်အသင်းအကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပေမဲ့ စီနီယာအသင်းအတွက် ၁ ပွဲသာ ကစားခဲ့ရတာကြောင့် ၂၀၁၉-၂၀ ရာသီမှာ ပေါ်တူဂီကို ပြန်ခဲ့ပါတယ်။
အမော်ရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို,ကိုယ်တွယ်ခဲ့တဲ့ကာလအတွင်း ၂၀၂၀ ခုနှစ်မှာ ဂွန်ကယ်လ်ဗက်စ်ကို ခေါ်ယူခဲ့ပြီး အမော်ရင်ရဲ့ပြောင်းလဲပေးမှုနဲ့အတူ ဂွန်ကယ်လ်ဗက်စ်ဟာ တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူဖြစ်လာသလို တောင်ပံတိုက်စစ်နေရာမှာပါ ကစားနိုင်ပါတယ်။
၂၀၂၀-၂၁ ရာသီမှာ ဂွန်ကယ်လ်ဗက်စ်က ၂၃ ဂိုးအထိ သွင်းပြီး စပို့တင်းလစ္စဘွန်းအသင်းအတွက် ၁၉ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပေါ်တူဂီအမှတ်ပေးချန်ပီယံဆု ပြန်လည်ရရှိအောင် ခြေစွမ်းပြကူညီပေးခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီမှာ ဂွန်ကယ်လ်ဗက်စ်ဟာ ပေါင်ကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာကြောင့် ၅ လအထိ အနားယူခဲ့ရပေမဲ့လည်း အသင်းနဲ့အတူ တတိယအကြိမ်မြောက် ပေါ်တူဂီအမှတ်ပေးဖလား၊ ပေါ်တူဂီရှုံးထွက်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
ဂွန်ကယ်လ်ဗက်စ်ကို အက်စတွန်ဗီလာအသင်းကလည်း ပစ်မှတ်ထားနေပေမဲ့ ဆရာဟောင်းအမော်ရင်ရှိနေတဲ့ ယူနိုက်တက်အသင်းကိုသာ ဂွန်ကယ်လ်ဗက်စ် ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်နေပါပြီ။