ယူနိုက်တက်အသင်းရဲ့ လစာငွေအများဆုံးကစားသမား စာရင်းထဲ အသစ် ဝင်ရောက်လာခဲ့သူ

မန်ချက်စတာယူနိုက်တက်ကစားသမားသစ် မာသီးယက်စ်ကူညာဟာ အသင်းရဲ့ လစာငွေအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူနိုင်ပြီဖြစ်ပြီး ကူညာနဲ့ ၅ နှစ်စာချုပ်,ချုပ်ဆိုခဲ့သလို စာချုပ်ပြည့်ရင် နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။

ဗြိတိန်နာမည်ကျော်သတင်းစာ The Telegraph က ကူညာဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၂၀၀,၀၀၀ အထိရရှိမှာဖြစ်တာကြောင့် ဝုလ်ဗ်အသင်းမှာရရှိခဲ့တဲ့ ပေါင် ၁၂၀,၀၀၀ ထက် ပိုများတဲ့လစာငွေ ခံစားရမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုဆိုရင် ကူညာဟာ ယူနိုက်တက်အသင်းကို စရောက်ရောက်ချင်းမှာပဲ လစာငွေအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပြီး အန်တိုနီနဲ့ လစာချင်း တူညီသွားပါပြီ။

ယူနိုက်တက်အသင်းမှာ ကူညာထက် လစာငွေ ပိုများတာဆိုလို့ ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်၊ မေဆင်မောင့်တို့သာရှိတော့သလို ကတ်စ်မဲရိုးက တစ်ပတ် ပေါင် ၃၇၅,၀၀၀ နဲ့ လစာငွေအများဆုံးဖြစ်နေပါတယ်။

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ရပ်ရှ်ဖို့စ်တို့ကတော့ ပေါင် ၃၂၅,၀၀၀ ရရှိနေပြီး မေဆင်မောင့်က တစ်ပတ်ကို ပေါင် ၂၅၀,၀၀၀ ရရှိနေပါတယ်။

ဒါပေမဲ့လည်း ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ အခုနွေရာသီကာလအတွင်း ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်နေတာကြောင့် ကူညာဟာ လစာငွေအများဆုံးစာရင်းမှာ ဒုတိယနေရာကို ရောက်လာဖို့ရှိနေပါပြီ။