အယ်ဟီလယ်အသင်းရဲ့ မက်လောက်ဖွယ် ကမ်းလှမ်းမှုကို ဘရူနို ဖာနန်ဒက်စ် ဘာကြောင့် ငြင်းဆန်ခဲ့သလဲ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီထိပ်သီးကလပ် အယ်ဟီလယ်အသင်းရဲ့ မက်လောက်စရာ ငွေကြေးပမာဏနဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်နဲ့တောင် အပြောင်းအရွှေ့ကိစ္စ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းက ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးပြီးတော့ ကမ်းလှမ်းဖို့ အသင့်ရှိနေတဲ့အပြင် ၃ နှစ်စာချုပ်အတွက် ပေါင်သန်း ၂၀၀ အထိတန်ကြေးရှိတဲ့ပမာဏနဲ့ စာချုပ်သွားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း နာမည်ကျော်အားကစားဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ဘရူနိုဖာနန်ဒက်စ်ဟာ ဥရောပထိပ်တန်းအဆင့်မှာ ဆက်လက်ကစားချင်တာကြောင့် အယ်လ်ဟီလယ်အသင်း ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြနေတဲ့ ဂျာနယ်လစ် ဘန်ဂျေကော့ဘ်က ဘရူနိုဖာနန်ဒက်စ်ဟာ သူ့မိသားစုနဲ့တိုင်ပင်ပြီးတဲ့နောက် အယ်လ်ဟီလယ်ကို သွားဖို့ ပယ်ချခဲ့တာဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ကျန်ရှိနေပြီး စာချုပ်ပြည့်တဲ့အခါ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။