မန်ချက်စတာ ယူနိုက်တက်တွင် ပါဝင်လုပ်ဆောင်မှု လျှော့ကာ နောက်ဆုတ်နေတော့မယ့် အဓိကလူ တစ်ဦး
ရက်ကလစ်ဖ်ရဲ့ အားထားရသူ တစ်ဦး ဖြစ်တဲ့ ဆာဒေ့ဗ်ဘရေးလ်ဖို့ဒ်ဟာ ၂၀၂၄-၂၅ ရာသီတွင် ဆိုးရွားတဲ့ ရာသီတစ်ခု ပိုင်ဆိုင်ပြီးနောက် ယူနိုက်တက်တွင် ပါဝင်ပတ်သက်မှု လျှော့ချလာပါမယ်။
ဘရေးလ်ဖို့ဒ်ဟာ ယူနိုက်တက်ဘုတ်အဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပေမဲ့လည်း Ineos ရဲ့အားကစားဒါရိုက်တာရာထူးကိုသာ အာရုံစိုက်လုပ်ဆောင်လာတော့မှာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်ရဲ့ အဓိကရှယ်ယာများကို ဝယ်ယူလိုက်ပြီးနောက် ဘရေးလ်ဖို့ဒ်ဟာ ကလပ်အား ပြောင်းလဲရေးအတွက် အဓိကနေရာမှ ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းအား ပြုပြင်ပြောင်းလဲရေးတွင် အဓိကလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းအား အဆင့်မြှင့်တည်ဆောက်မှုမှာ ဩဂုတ်လတွင် အပြီးသတ်လာပါမယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာမှာသာ ရပ်တည်တဲ့အထိ ဆိုးရွားခဲ့ပြီးနောက် ဘုတ်အဖွဲ့အား လုပ်ပိုင်ခွင့် အပြောင်းအလဲ ပြုလုပ်လာတာ ဖြစ်ပြီး ဘရေးလ်ဖို့ဒ်ရဲ့ ပါဝင်ပတ်သက်မှုကို လျှော့ချလာတာပါ။
ယူနိုက်တက်က အမှုဆောင်ချုပ်အိုမာဘာရာဒါ၊ ကစားသမားခေါ်ယူအားဖြည့်ရေးဒါရိုက်တာခရစ္စတိုဖာဗီဗဲလ်၊ နည်းစနစ်ဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်၊ ညှိနှိုင်းဆွေးနွေးရေးဘောလုံးဒါရိုက်တာမတ်ဟားဂရေ့ဗ်တို့ကိုသာ ဘောလုံးနှင့်ပတ်သက်ပြီး ဦးဆောင်ရေး လုပ်ပိုင်ခွင့်ပေးလာပါတယ်။