တိုက်စစ်သမား အန်တိုနီကို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးဖို့ ဗန်ဒါးဆား တိုက်တွန်း
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်းကြီး ဗန်ဒါးဆားက နည်းပြအာမိုရင်မ်အနေနဲ့ တိုက်စစ် ကစားသမား အန်တိုနီကို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ ၂၀၂၂ နွေရာသီမှာ အေဂျက်စ်ကနေ မန်ယူကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)နဲ့ ရောက်ရှိခဲ့သူပါ။
ဒါပေမဲ့ မျှော်လင့်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘက်တစ်အသင်းထံ အငှားချခံခဲ့ရပါတယ်။
အန်တိုနီက ဘက်တစ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ အာမိုရင်မ်က အသင်းမှာ နေရာပြန်ပေးဖို့ ဆန္ဒသိပ်မရှိတော့တာကြောင့် ဗန်ဒါးဆားက နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးဖို့ တိုက်တွန်းခဲ့တာပါ။
”ဂါနာချို ထွက်သွားတော့မယ်ဆိုရင် အန်တိုနီကို ပြန်ခေါ်ဖို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အဲဒါက လက်တွေ့ကျရဲ့လားဆိုတာတော့ မသေချာပါဘူး” လို့ ဗန်ဒါးဆားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။