ဟွိုင်လန်း Vs ဇာ့ခ်ဇီ ၊ ဘယ်တိုက်စစ်မှုးကို ရောင်းမလဲ မန်ချက်စတာ ယူနိုက်တက် ဆုံးဖြတ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟွိုင်လန်းနဲ့ ဇာ့ခ်ဇီတို့ထဲက ဘယ်သူ့ကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ထားမလဲဆိုတာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဟွိုင်လန်း(၂၂ နှစ်)နဲ့ ဇာ့ခ်ဇီ(၂၄ နှစ်)တို့ဟာ ယူနိုက်တက်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေဖြစ်တဲ့ ပေါင် ၇၂ သန်း၊ ပေါင် ၃၆.၅ သန်းတို့နဲ့ ရောက်ရှိခဲ့ကြပေမဲ့ အခုအချိန်အထိ ပရိသတ်တွေ မျှော်လင့်သလို ခြေစွမ်းမပြနိုင်သေးပါဘူး။

ယူနိုက်တက်နည်းပြအမော်ရင်ဟာ အခုနွေရာသီအတွင်း ကစားသမားအများစုကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး ဟွိုင်လန်းနဲ့ ဇာ့ခ်ဇီတို့ကို ကလပ်အသင်းတွေ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမဲ့ အီတလီနာမည်ကျော်သတင်းစာ Corriere dello Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဇာ့ခ်ဇီကို အသင်းမှာ ဆက်ထားသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဟွိုင်လန်းကို စီးရီးအေထိပ်သီး အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားဖို့ ဆန္ဒပြင်းပြနေပါတယ်။

ယူနိုက်တက်အသင်းက ဟွိုင်လန်းကို အပြီးသတ်ရောင်းချလိုပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းကနေ ပေါင် ၃၈ သန်းအတွင်း ရမယ်ဆိုရင် လက်လွှတ်သွားမှာပါ။

အင်တာမီလန်အသင်းကတော့ ဟွိုင်လန်းကို အငှားနဲ့အရင်ခေါ်ပြီးမှ လာမဲ့နှစ်ကျရင် အပြီးသတ်စာချုပ်သွားဖို့ ပိုဆန္ဒရှိပြီး အငှားနဲ့ခေါ်ယူဖို့အတွက် မက်လောက်စရာ ပမာဏနဲ့ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။