အမ်ဘူမို အတွက် ယူနိုက်တက်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ဘရန့်ဖို့ဒ် ပယ်ချ၊ ကစားသမားရဲ့ သဘောထား
ဘရန့်ဖို့ဒ်အသင်းဟာ တိုက်စစ်ကစားသမား အမ်ဘူမိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြန်ပါတယ်။
ဒါပေမယ့် အမ်ဘူမိုကတော့ အခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်ကိုပဲ ပြောင်းရွှေ့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ပေါင် ၅၅ သန်းနဲ့ ပထမအကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရသလို သောကြာနေ့တုန်းက ပေါင် ၆၂.၅ သန်းနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုလည်း ဘရန့်ဖို့ဒ်အသင်းက ငြင်းဆန်ပယ်ချခဲ့ပြန်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းယူခဲ့သူ အမ်ဘူမိုကို အာဆင်နယ်၊ နယူးကာဆယ်နဲ့ ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ် ကိုင်တွယ်မဲ့ စပါးအသင်းတို့က အပြိုင်စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်တို့ အခက်ကြုံနေရပါတယ်။
ဒါပေမဲ့လည်း အမ်ဘူမိုကတော့ သူ့အနာဂတ်အတွက် ရွေးချယ်ထားပြီးဖြစ်တာကြောင့် ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့မှာဖြစ်တယ်ဆိုပြီး ဘရန့်ဖို့ဒ်အသင်းတာဝန်ရှိသူတွေနဲ့ စပါးအသင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ The Athletic ဝက်ဘ်ဆိုက်က သတင်းဖော်ပြခဲ့ပါတယ်။
ဗြိတိန်နာမည်ကျော်သတင်းစာ The Sun ကလည်း ဘရန့်ဖို့ဒ်အသင်းဟာ ယူနိုက်တက်ရဲ့ ဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပေမဲ့ အမ်ဘူမိုဟာ လာမဲ့ရက်သတ္တပတ်ကုန်ကျရင် ယူနိုက်တက်အသင်း ကစားသမားသစ်ဖြစ်လာဖို့ရှိပြီး တစ်ပတ် ပေါင် ၁၈၀,၀၀၀ နဲ့ ၅ နှစ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။