ဂန်းနားဟောင်း အွန်နရီ အကြိုက်တွေ့နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ်
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီ ဈေးကွက်ထဲမှာ တိုက်စစ်အင်အားဖြည့်တင်းဖို့ အလုပ်ရှုပ်နေပေမယ့်လည်း အမိုရင်က ကွင်းလယ်ကစားသမားသစ်လည်း ခေါ်ယူချင်နေပြီး ဘရူနို ဖာနန်ဒက်စ်၊ မိန်းနူးနဲ့ အူဂါတီတို့လိုကစားသမားတွေအတွက် ပြိုင်ဆိုင်မှု ရှိလာစေချင်နေတာဖြစ်ပါတယ်။
သရဲနီတွေနဲ့ သတင်းထွက်နေတဲ့ကစားသမားဟာ အနည်းငယ်သာ ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ဒီအပတ်မှာ ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ဝါရန် ဇဲ-အမ်မရီကို ခေါ်ယူဖို့ ပြောဆိုမှုတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်နေပြီးဖြစ်ပြီး ပီအက်စ်ဂျီနဲ့လည်း ဆုဖလားတွေ အများအပြား ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အဂ်လိပ်ဘောလုံးပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပထမဆုံး ခံခဲ့ရတာက ၂၀၂၃ ခုနှစ်တုန်းက နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်မှာ ကစားခဲ့တဲ့ပွဲတုန်းက အသက် ၁၇ နှစ်အရွယ်နဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသခဲ့တဲ့အချိန်တုန်းက ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရှုံးပွဲတွေ့ခဲ့ပေမယ့်လည်း ဇဲ-အမ်မရီက ကွင်းထဲက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး လူငယ်ကစားသမားရဲ့ ခြေစွမ်းက အဲဒီညနေ CBS Sport အတွက် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်ခဲ့တဲ့ အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အွန်နရီက ပြင်သစ်ယူ-၂၁ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေချိန်အတွင်း ဇဲ-အမ်မရီကို အသင်းခေါင်းဆောင် ခန့်အပ်ခဲ့တဲ့အထိ သဘောကျခဲ့တာဖြစ်ပါတယ်။
“ဝါရန် ဇဲ-အမ်မရီ ကစားနေတဲ့ ပုံစံက အသက် ၁၇ နှစ်အရွယ်နဲ့တင် ပွဲတစ်ပွဲကို မောင်းနှင်နိုင်တာက သာမန်ပဲဆိုတဲ့ပုံစံမျိုးပါ။ သူက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပီအက်စ်ဂျီကစားသမားဖြစ်ခဲ့ပါတယ်။ သူက အံ့မခန်းကောင်းမွန်ခဲ့တယ်။ ကောင်းကင်က အကန့်အသတ်ရှိပါတယ်။
ကျွန်တော် သူ့လို အသက်ငယ်သလောက် ရင့်ကျက်တဲ့ ကစားသမားမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ ပုံမှန်အားဖြင့် လူငယ်ကစားသမားတွေက တိုက်စစ်မှာ ကစားပြီး မတူညီတဲ့အရာတွေကို လုပ်ပြတတ်ကြတယ်။ ဒါပေမယ့် ပီအက်စ်ဂျီလိုအသင်းမျိုးအတွက် ကွင်းလယ်မှာ ကစားပေးတဲ့အခါမှာ ခင်ဗျားအနေနဲ့ အသားကျအောင် ချိန်ညှိဖို့လိုတယ်။
ဒီလိုငယ်ရွယ်ကစားသမားကို အဲဒီလို နေရာမျိုးမှာ ကစားတာမြင်ရဖို့က ရှားပါတယ်။ ကျွန်တော် သူ့ကို အသင်းခေါင်းဆောင် လက်ပတ်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် ဘာတွေ မြင်ရမလဲဆိုတာကို သိချင်လို့ပါ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သူက သန်မာတယ်။ ပြေးနိုင်တယ်။ ဘောလုံးပေးပို့မှုတွေကို မြင်နိုင်တယ်။
တန်ပြန်တိုက်စစ်ကို ရပ်တန့်နိုင်တယ်။ သူ့အနေနဲ့ ကစားသမားတစ်ယောက်ကို စကားပြောပြီးတော့ ရပ်တန့်နိုင်မလားဆိုတာ သိချင်ခဲ့တယ်။ သူ့အနေနဲ့ အသင်းကို တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်နိုင်လားဆိုတာ သိချင်လို့ အသင်းခေါင်းဆောင်လက်ပတ်ပေးခဲ့တယ်။ သူ လုပ်နိုင်လားဆိုတာကို မြင်ရဖို့ အဲဒါက ကျွန်တော် လုပ်ခဲ့တဲ့ နည်းလမ်းပဲ။
ကျွန်တော် ပြောတာ ယုံပါ။ ဒီကောင်လေးရဲ့ အလားအလာက အကန့်အသတ်မရှိပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆယ်ကျော်သက်ကစားသမားသာ ရှိသေးတဲ့ ဇဲ-အမ်မရီရဲ့ အလားအလာက အလွန်မြင့်မားနေပြီး လူငယ်ကွင်းလယ်ကစားသမားဟာ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးတာကြောင့် ခေါ်ယူမယ်ဆိုရင် ဈေးပေါမှာမဟုတ်ဘဲ ပြင်သစ်က သတင်းတွေအရ ပေါင် ၈၅ သန်းဝန်းကျင်လောက်နဲ့မှ ခေါ်ယူလို့ ရနိုင်မယ်လို့ သိရပါတယ်။