ရာသီကြို စတင်တော့မှာ ဖြစ်ပေမယ့် ကစားသမား ၅ ဦးကို လေ့ကျင့်ခန်း လာ မဆင်းဖို့ ယူနိုက်တက် အသိပေး

လာမယ့် တနင်္လာနေ့ကျရင် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ရာသီကြိုလေ့ကျင့်ခန်းတွေ စတင်ပြုလုပ်တော့မဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အနာဂတ်မသေမချာဖြစ်နေတဲ့ ကစားသမား ၅ ဦးကို အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းဖို့ အသိပေးလိုက်ပါတယ်။

ယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ ရပ်ရှ်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ၊ ဆန်ချို၊ မာလာစီယာတို့ဟာ ပြီးခဲ့တဲ့ရာသီက အငှားချခံခဲ့ရသလို အခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီကစားသမား ၅ ဦးကို လိုရင်ရင် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ဆေးစစ်တာတွေ ပြုလုပ်သွားမှာဖြစ်ပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရမှာ မဟုတ်ပါဘူး။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီဝက်က အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး အခု ယူနိုက်တက်ကို ပြန်ရောက်ချိန်မှာ အသင်းအတွက် ၁၀၀ % အာရုံစိုက်ကစားဖို့ ပြင်ဆင်ထားခဲ့တာပါ။

ဒါပေမယ့် နည်းပြ အမော်ရင်ကတော့ ရပ်ရှ်ဖို့ဒ်ကို ရောင်းချဖို့ စီစဉ်ထားသလို သူ့ရဲ့ကျောနံပါတ် ၁၀ ကို ကစားသမားသစ် ကူညာဆီ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

အမော်ရင်နဲ့ပြဿနာတက်ပြီး ယူနိုက်တက်ကနေ ထွက်တော့မဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်ကြတဲ့ ချယ်လ်ဆီး၊ စပါးအသင်းတို့အပြင် စီးရီးအေချန်ပီယံ နာပိုလီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးကနေ အငှားနဲ့ပြန်ရောက်လာတဲ့ ဆန်ချိုကတော့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ကို ရောက်ဖို့ နီးစပ်နေပြီး,ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်တိုနီကို ဘက်တစ်အသင်းက ပေါင်သန်း ၃၀ နဲ့အပြီးသတ်ခေါ်ဖို့ ယူနိုက်တက်နဲ့ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ခံလူ မာလာစီယာဟာ ပြီးခဲ့တဲ့ရာသီက PVS အသင်းမှာ အငှားနဲ့ကစားခဲ့ရပြီး အမော်ရင်ရဲ့စီမံကိန်းတွေထဲမှာ မာလာစီယာ မပါဝင်တော့ပါဘူး။