အိုနာနာ ကို လျှော့ဈေးနဲ့ အရှုံးခံ ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပလန် အရာထင်နိုင်မလား

မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမား အိုနာနာကို လျှော့ဈေးနဲ့ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပေမယ့်လည်း လာမယ့်ရာသီကို ကင်မရွန်းဂိုးသမားနဲ့ပဲ ရှေ့ဆက်ရနိုင်တယ်လို့ သိရပါတယ်။

အိုနာနာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကမှ အင်တာမီလန်ကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အဲရစ် တန်ဟက်လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကင်မရွန်းဂိုးသမားဟာ ခံစစ်ကနေ တိုက်စစ်စတင်ချင်တဲ့ ဒတ်ချ်လူမျိုးနည်းပြရဲ့ ကစားကွက်မှာ အဓိကကျတဲ့နေရာကနေ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ဘာမှ သက်သေမပြသနိုင်ခဲ့ဘဲ အရန်ဂိုးသမား ဘရင်ဒီယာရဲ့ အားကိုးမရမှုကြောင့် သရဲနီတွေက အိုနာနာကို မသုံးချင်ဘဲ သုံးခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ယူနိုက်တက်က အိုနာနာကို ရောင်းထုတ်သွားဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး ပေါင်သန်း ၃၀ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

မိုနာကိုက ပြီးခဲ့တဲ့အပတ်မှာ အ်ုနာနာကို စိတ်ဝင်စားမှု ပြသခဲ့ပေမယ့်လည်း မန်ယူနိုက်တက် တောင်းဆိုထားတဲ့ဈေးကိုတော့ ပေးချေလိုခြင်းမရှိတာဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကလပ် နီအွန်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိမှာတော့ နိစ်ဂိုးသမား မာဆင် ဘူကာကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က အက်စတန်ဗီလာဂိုးသမား အီမီ မာတီနက်ဇ်ကို ခေါ်ယူချင်နေပေမယ့်လည်း ပေါင် ၄၅ သန်းပေးချေဖို့ လိုအပ်မှာဖြစ်တာကြောင့် တခြားဂိုးသမားပဲ ရှာဖွေရတော့မှာဖြစ်ပါတယ်။

ယနေ့မှာ ရာသီကြိုလေ့ကျင့်ရေးအတွက် ပြန်လာတဲ့ အိုနာနာရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုက လက်ရှိမှာတော့ ဦးစားပေးအဖြစ် ရှုမြင်ခြင်း မခံထားရဘဲ ကင်မရွန်းဂိုးသမားကလည်း အသင်းမှာဆက်နေပြီး ပွဲထွက်ဂိုးသမားနေရာအတွက် တိုက်ပွဲဝင်ချင်နေတာကြောင့် လာမယ့်ရာသီမှာလည်း အိုနာနာကိုပဲ ဆက်ပြီး အားကိုးရတော့မှာဖြစ်ပါတယ်။