ဘောလုံးရာသီသစ်မှာ ကျောနံပါတ်အသစ်ကို ပြောင်းလဲ ဝတ်ဆင်မယ့် ဒါလော့
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒါလော့ ဟာ ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ ကို လာမဲ့ရာသီက စတင်ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။
ဒါလော့ ဟာ ၂၀၁၈ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး အခုနွေရာသီအတွင်း စာချုပ်သက်တမ်းပြည့်လို့ အသင်းနဲ့လမ်းခွဲခဲ့တဲ့ အသင်းဖော်ဟောင်း လင်ဒီလော့ဖ်ဆီကနေ ကျောနံပါတ် ၂ ကို လွှဲပြောင်းဝတ်ခွင့်ရခဲ့ပါတယ်။
လင်ဒီလော့ဖ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ပေါင် ၃၈ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၂၈၄ ပွဲကစား၊ ၄ ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ FA ဖလား၊ လိဂ်ဖလားတွေ ရယူခဲ့ပါတယ်။
အခုအချိန်မှာတော့ ယူနိုက်တက်နဲ့ လင်ဒီလော့ဖ် လမ်းခွဲသွားပြီဖြစ်လို့ ဒါလော့ ဟာ ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ ကို အမွေဆက်ခံခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်ဟာ ယူနိုက်တက်တစ်သင်းတည်းမှာပဲ ၁၉၉၄ ကနေ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး ကျောနံပါတ် ၂ ဂျာစီကို ဝတ်ဆင်ခဲ့ပါတယ်။
ဂယ်ရီနဗီးလ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၆၀၀ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၈ ကြိမ်၊ FA ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။