မန်ချက်စတာ ယူနိုက်တက် အသင်းအား ကစားသမားဟောင်း တွန်ဇီဘီ တရားစွဲဆို

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းအဇဲလ်တွန်ဇီဘီဟာ ပေါ့ဆတဲ့ ဆေးဘက်ဆိုင်ရာအကြံဉာဏ်ပေးမှုအတွက် ယူနိုက်တက်အား တရားစွဲဆိုလာပါတယ်။

အသက် ၂၇ နှစ်ရှိ တွန်ဇီဘီဟာ ယခုလအစောပိုင်းတုန်းက ပရီးမီးယားလိဂ်တန်းတက်ဘန်လေသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တုန်းက High Court တွင် ယူနိုက်တက်ကို တရားစွဲလာတာ ဖြစ်ပါတယ်။

တွန်ဇီဘီဟာ ၂၀၂၂ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမည်မသိဒဏ်ရာနှင့်ပတ်သက်ပြီး တရားစွဲဆိုလာတာ ဖြစ်ပြီး နစ်နာကြေး‌ ပေါင် ၁ သန်းကျော်တောင်းဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

တွန်ဇီဘီဟာ ယူနိုက်တက်တွင် ကစားတဲ့ နောက်ဆုံးရာသီတွင် ၁၉၅ ရက်အနားယူခဲ့ရပြီး နောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတုတ်စီးတီးသို့ အငှားချခြင်းခံခဲ့ရပြီး ယင်းတွင်လည်း ၅ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။

သူဟာ ယူနိုက်တက်သို့ အသက် ၈ နှစ်အရွယ်ကတည်းက ရောက်လာခဲ့သူ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပထမဆုံးပွဲကစားခွင့်ရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်နွေရာသီတွင် အစ္စဝှစ်ချ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ၃၇ ပွဲကစားပေးခဲ့ပါတယ်။

သူဟာ ယူနိုက်တက်လူငယ်အသင်းအဆင့်ဆင့်တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယူနိုက်တက်အတွက် နောက်ဆုံးပွဲအဖြစ် ဗီလာရီးရဲလ်အား ပင်နယ်တီအဆုံးအဖြတ်တွင် ၁၁-၁၀ ဖြင့် ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့ပါတယ်။

ယခုအခါ ဒီမိုကရက်တစ်ကွန်ဂိုအတွက် ကစားနေတဲ့ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟောင်းဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း ဗီလာ၊ နာပိုလီသို့လည်း အငှားဖြင့် သွားရောက်ကစားခဲ့ရပါတယ်။