နီကိုးလတ်စ် ဂျက်ဆင်ကို ခေါ်ဖို့ အလေးအနက်ကြီး လုပ်လာတဲ့ ယူနိုက်တက်အား ရေးပါလာ သတိပေး
အာဆင်နယ်ဂန္တဝင် ရေး ပါလာက နီကိုးလတ်စ် ဂျက်ဆင်ကို ခေါ်ယူပြီး တိုက်စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ သရဲနီတွေကို ပြန်စဉ်းစားဖို့ သတိပေးလိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ ဝုဗ်က မားသီးယပ်စ် ကွန်ညာကို ခေါ်ယူထားပြီးဖြစ်ပြီး ဘရန့်တ်ဖို့ဒ်က အမ်ဘူးမိုကိုလည်း ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အဲဒီအပြင် သရဲနီတွေဟာအထောင်တိုက်စစ်မှူး လိုအပ်တာကြောင့် လီယမ် ဒီလက်ပ်ကို ချဲလ်ဆီးက မခေါ်ယူခင် ပစ်မှတ်ထားခဲ့သလို အာဆင်နယ်ကို ပြောင်းရွှေ့တော့မယ့် ဂယော်ကီရက်စ်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
အိုလီ ဝပ်ကင်စ်၊ ဟူဂို အက်ခီတိုက်တို့နဲ့လည်း သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေခဲ့ရတဲ့ နီကိုးလတ်စ် ဂျက်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်ဂန္တဝင် ရေး ပါလာက ဂျက်ဆင်ကို မန်ယူနိုက်တက်အနေနဲ့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မှာမဟုတ်ဘဲ အိုးထရက်ဖို့ဒ်မှာအလုပ်ဖြစ်မယ်လို့ မထင်တာဖြစ်ပါတယ်။
“ပြဿနာက ကျောနံပါတ် ၉ မရှိဘဲ ဈေးတွေကလည်း ခေါင်ခိုက်နေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း မန်ယူနိုက်တက်မှာ ရှိခဲ့တဲ့ တိုက်စစ်မှူးတွေ အချို့ကြောင့် သူက ထိပ်တန်းတိုက်စစ်မှူးဆိုတဲ့ အမျိုးအစားနားတောင် ရှိမှာမဟုတ်ဘူးလို့ ထင်တယ်။
သူက အဆုံးသတ်နိုင်စွမ်းလည်းမရှိဘူး။ အင်း အဆုံးသတ်နိုင်မှာပါ၊ ဒါပေမယ့် ဂိုးသွင်းဖို့ အခွင့်အရေးအများကြီးလိုပါလိမ့်မယ်။ အခွင့်အရေးဖန်တီးတဲ့အပိုင်းမှာ ချဲလ်ဆီးက မန်ယူနိုက်တက်ထက် ပိုသာတဲ့အသင်းဖြစ်တာတောင် သူ ဂိုးမသွင်းနိုင်ခဲ့တော့ အလုပ်ဖြစ်မယ်မထင်ဘူး။ ခင်ဗျား ကြိုမသိနိုင်ပါဘူး။ သူ ကောင်းကောင်းလုပ်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေမယ့် အလုပ်ဖြစ်မယ်မထင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။