ဘာစီလိုနာသို့ အငှားထွက်သွားတဲ့ ရက်ရှ်ဖို့ဒ်အား စေတနာနဲ့ သတိပေးလိုက်တဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး ဖာဒီနန်က အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ နူးကမ့်မှာ အောင်မြင်မှုရနိုင်ပေမယ့် အသင်းသစ်အတွက် ပွဲများများစားစား ပွဲထွက်ပါဝင်ကစားပေးခွင့်ရချင်မှရလိမ့်မယ်လို့ ရီယို ဖာဒီနန်က သတိပေးခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်အောင် လစာလျှော့ယူဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်က ဘာစီလိုနာလူငယ်ကြယ်ပွင့် လမင်း ရာမယ်နဲ့ တွဲကစားချင်တဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း ပွဲထွက်လူစာရင်းထဲမှာ နေရာရဖို့ မသေချာတာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဂန္တဝင် ဖာဒီနန်က ရက်ရှ်ဖို့ဒ်အနေနဲ့ လာလီဂါမှာ သူ့ရဲ့အရည်အသွေးကို ပြနိုင်ဖို့အတွက် ပွဲကစားဟန်ကို ပြောင်းလဲဖို့လိုလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူ ဘယ်နေရာမှာ ကစားသွားမှာလဲ။ ပွဲထွက်လူစာရင်းထဲမှာ နေရာရဖို့ သူ တိုက်ပွဲဝင်ရမယ်။ ကျွန်တော် အပါအဝင် လူတော်တော်များများက ပြီးခဲ့တဲ့ ၂ ရာသီအတွင်း သူ ပိုင်ဆိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဘာစီလိုနာမှာ ရက်ရှ်ဖို့ဒ်အတွက် အခွင့်အရေး များများစားစား ရှိမယ်လို့ မထင်ကြပါဘူး။ သူက ကျွန်တော်တို့ မြင်ခဲ့ဖူးတဲ့ ရက်ရှ်ဖို့ဒ်လုပ်ပြခဲ့သလို ပန်းတက်ပြေးလွှားမှု၊ အကြမ်းပတမ်း တွန်းတိုက်ပြေးထွက်မှု၊ အဆုံးသတ်နိုင်စွမ်း၊ ရူးသွပ်ချင်စရာ ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းမှု၊ ဂိုးဖန်တီးမှု စတဲ့ဟာတွေ မလုပ်ပြနိုင်ခဲ့ဘူး။
သူ့ပွဲကစားဟန်က ပြောင်းလဲသွားခဲ့တယ်။ ဘောလုံးနဲ့ပိုပြီး လိမ်ခေါက်ချင်တယ်။ သူက ပန်းတက်ပြေးလွှားမှုလုပ်ချင်တဲ့ပုံစံနဲ့ ကစားခဲ့တုန်းက သူနဲ့ ရင်ဆိုင်ကစားရတာခက်ခဲခဲ့တယ်။ သူ အဲဒါကို မှန်ကန်အောင် လုပ်နိုင်ပြီး အဲဒီလို ပုံမှန်လုပ်နိုင်တဲ့အချိန်တုန်းက သူက မှော်ဆန်ခဲ့ပါတယ်။
သူက ဒီ ဘာစီလိုနာအသင်းအတွက် ကွဲပြားခြားနားမှုကို ဖြစ်စေပါလိမ့်မယ်။ ရာဖင်ညာက ပန်းတက်ပြေးလွှားမှုလုပ်ရတာ အပန်းမကြီးဘူး။ ဒါပေမယ့် သူ ဘောလုံး ခြေထဲထားပြီး လိမ်ခေါက်ချင်တယ်။ရာမယ်ကလည်း အဲ့တိုင်းပဲ။ လီဝန်ဒေါစကီးက ပန်းတက်ပြေးလွှားမှုတွေ လုပ်နိုင်တဲ့ ကစားသမားမျိုး မဟုတ်တော့ဘူး။ သူက အဓိက ပစ်မှတ်ကစားသမား၊ အဆုံးသတ်သမားမျိုး ပိုဖြစ်လာတယ်။
သူ အံဝင်မယ့်နေရာမှာ ပွဲထွက်ကစားခွင့်ရမှာမဟုတ်ဘူး။ သူ ဘာတွေ မတူတာလုပ်ပြနိုင်မလဲဆိုတာပဲ ကြည့်ရမှာပါ။ ဟန်ဆီ ဖလစ်က လည်း ငါတို့မှာ ရှိနေပြီးသားထဲကဟာတွေနဲ့ မတူတာတခုခု လုပ်ပြစမ်းပါဆိုပြီး ဖြစ်ချင်နေမှာပါ။ ဘယ်တောင်ပံမှာ ရာဖင်ညာ၊ အလယ်မှာ လီဝန်ဒေါစကီး၊ ညာတောင်ပံမှာ ရာမယ်။ သူ ဒီအသင်းမှာ အလိုအလျောက်ပွဲထွက်ကစားသမားတော့ မဖြစ်နိုင်ဘူး။
ဒါပေမယ့် သူ လူစားဝင်ကစားကြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသခဲ့ရင် အဲဒီအရှိန်နဲ့ ပွဲထွက်ကစားခွင့် ရလာမှာပါ။ ဒါပေမယ့် မားကပ်စ်က အဲဒီအသင်းထဲကိုသွားပြီး ဘယ်သူ့နေရာမှာမှ အစားထိုးဖို့ မဟုတ်ပါဘူး၊ သူ အသင်းထဲကို ဝင်ပြီး တန်ဖိုးတွေ ထပ်ဖြည့်ပေးရမှာပါ။ သူတို့တွေ မနှစ်က လိဂ်ဖလားရခဲ့တယ်၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ခဲ့တဲ့နေရာကနေ ပိုကောင်းတဲ့နေရာတခုကို ရအောင် လုပ်ပေးရမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။